သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့တွင် ဓာတ်ဆီဆိုင်မှလူတစ်ဦးသတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ပညာပါရမီကျောင်းအနီး ဓာတ်ဆီဆိုင်မှ လူတစ်ဦး ယနေ့ ညဉ့်အချိန်က  အသတ်ခံရပြီး အလောင်းကိုတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ အောင်ကျော်နု(၄၆)နှစ်ဖြစ်ပြီး ၎င်းမှာ မြောက်ဦးမြို့နယ်မှ သူငယ်ချင်းဖြစ်သူ ဆီဆိုင်ပိုင်ရှင်အား လာရောက်ကူညီလုပ်ကိုင်နေသူဖြစ်ကြောင်း အနီးအနားရှိ ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“သူက ပိုင်ရှင်နဲ့သူငယ်ချင်း ဆီဆိုင်မှာလုပ်တာပါ။ ခြံနောက်က အိမ်မှာနေတဲ့ ဟင်းရောင်းတဲ့ လင်မယားက မနက်အစောကြီးထပြီးစျေးသွားတော့ ဆိုင်မဖွင့်သေးလို့ ဝင်နိုးတာမှာ အလောင်းကိုတွေ့တယ်လို့ပြောတယ်။ သေတ္တာတွေလည်း ပွင့်လို့ပါ။အခုအလောင်းကိုဆေးရုံကိုသယ်နေပါတယ်” ဟုပြောသည်။

၄င်းဆီဆိုင်တန်းမှာ စံပြရပ်ကွက်အပိုင်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ အသတ်ခံရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။  

“ဆိုင်ကို ဝင်ဖောက်တာဖြစ်နိုင်တယ်။ အဲဒီမှာ စောင့်နေတဲ့လူကို သတ်သွားတာပေါ့။ အလောင်းကို သွေးအိုင်ထဲမှာတွေ့တာ။ အခု CCTV ကို ရဲတွေနဲ့အတူ သွားစစ်နေတယ်။ တရားခံကိုသိရမှာပါ။ သေဆုံးသူမှာ ဦးခေါင်းတစ်ခုလုံးကြေမွသွားတယ်” ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဦးဦးထွန်းမောင်ကလည်း အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်း ၊ ၄င်းကိုယ်တိုင် အလောင်းအားသွားရောက်ကြည့်ရှုခဲ့ကြောင်းပြောသည်။
အလောင်းအား ပုဏ္ဏားကျွန်းဆေးရုံသို့ယူဆောင်သွားပြီဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ