တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ပေါက်တောမြို့နယ် ငှက်ချောင်းမူဆလင်ဒုက္ခသည်စခန်း၌ အသက် ၁၂ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းမူဆလင်ဒုက္ခသည်စခန်း၌ အသက် ၁၂ နှစ်အရွယ် မူဆလင်အမျိုးသမီးငယ်တစ်ဦးမှာ နိုဝင်ဘာ ၂၉ ရက်နေ့က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသည်ဟု သတင်းရရှိသည်။

၄င်းအသက်(၁၂)အရွယ် မိန်းကလေးငယ်မှာ ပေါက်တောမြို့နယ် အနောက်ရဲကျေးရွာမှ ငှက်ချောင်း မူဆလင်ဒုက္ခသည်စခန်းတွင် အိမ်အကူအလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ငှက်ချောင်းမူဆလင်ဒုက္ခသည် စခန်းတာဝန်ခံ ဖြစ်သူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါအမျိုးသမီးငယ်ကို အသက်(၄၅)နှစ်အရွယ် မော်လဝီဖြစ်သူက ၄င်းတို့ အိမ်မှ ပိုက်ဆံခိုးသည်ဟု စွပ်စွဲပြီး နိုဝင်ဘာ ၂၆ ရက်နေ့က စစ်ဆေးမည်ဟု ၄င်း၏ နေအိမ်သို့ ခေါ်ယူသွားပြီးနောက် နိုဝင်ဘာ၂၉ ရက်နေ့တွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ သူတို့ အိမ်က ငွေခိုးတယ်ဆိုတဲ့ ကိစ္စကို ကျွန်တော်တို့ ဖြေရှင်းပေးပြီးသွားပြီ။ အဲဒါကို ကလေးမကို ၂၆ ရက် ည ၉ နာရီလောက်ကလာခေါ်သွားတယ်လို့သိရတယ်။ ကလေးမလေး အလုပ်လုပ်တဲ့အိမ်က အဲဒီမော်လဝီရဲ့ ညီအိမ်ဆိုတော့လေ။ အဲဒီမှာ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့ထိရိုက်ပြီးစစ်မေးတယ်တဲ့ ကလေးမကို။ ၂၉ ရက်နေ့ ညအချိန်လောက်မှာ နောက်ထပ် အမျိုးသားနှစ်ယောက်နဲ့အတူ ကျွန်တော်တို့ စခန်းနားက လယ်ကွင်းထဲက တဲမှာ ကလေးမကို အဓမ္မပြုကျင့်ခဲ့တာလို့ သိရတယ်” ဟု ၄င်းက ပြောသည်။

အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားများမှာ အသက်(၄၅)နှစ်အရွယ် မော်လဝီနှင့် ၄င်း၏ ဆွေမျိုးတော်စပ်သူများ ဖြစ်သည့် အသက်(၂၇)အရွယ်အမျိုးသားတစ်ဦးနှင့် အသက်(၂၈)နှစ်အရွယ် တစ်ဦးတို့ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပေါက်တောမြို့ဆေးရုံသို့ မိန်းကလေးငယ်ကို လိုက်ပါပို့ဆောင်ပေးသူ ငှက်ချောင်းဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးက “ ကလေးက အခုကျွန်တော်တို့နဲ့ရှိနေပါတယ်။ နှာခေါင်းနဲ့ အမျိုးသမီးအင်္ဂါတို့က သွေးထွက်နေလို့ ဆေးရုံမှာ ပြခဲ့ပါတယ်။ ကြိုးတုပ်ခံခဲ့ရတဲ့လက်မောင်းက ဒဏ်ရာနည်းနည်းလည်းတွေ့ရပါတယ်။ အခု ပေါက်တောရဲစခန်းကို စစ်ဆေးခံဖို့ ရောက်နေပါတယ်။ ကျူးလွန်တဲ့လူတွေကို ဖမ်းမမိသေးပါဘူး” ဟု ပြောသည်။

ပေါက်တောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှဌေးက “ကျွန်တော်တို့ ရဲလုပ်ငန်းအတိုင်းလုပ်နေပါတယ်။ ဒီကလေးမလေးကို စစ်နေပါတယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့ ဖြစ်တဲ့နေရာမှာ ဓာတ်ပုံမှတ်တမ်းရိုက်တာတို့ကအစ ပေါ့လုပ်ရမယ်။ ဒေသအခြေအနေအရ ကျွန်တော်တို့ လုံခြုံရေးအရတော့ သွားဖို့ မလွယ်ဘူး။ သွားဖို့ လုပ်နေကြတယ်။ သုံးယောက်သေချာတယ်လို့သူတို့ပြောပေမယ့် သူတို့စွပ်စွဲတာပဲရှိသေးတယ်” ဟုပြောသည်။

၄င်းအမှုနှင့် ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ