သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့မီးလောင်၊ ရွှေဆိုင်တစ်ဆိုင်အပါအဝင် ဆိုင် ၇ဆိုင်မီးထဲပါ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ၂၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၁၂ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စည်ပင် သာယာစျေးရှေ့မှ ရွှေဆိုင်တစ်ဆိုင်အပါအဝင် ဆိုင်တန်းတချို့မှာ မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

မီးလောင်ပြကျသွားခဲ့သည့် ဆိုင်များမှာ စည်ပင်စျေးရှေ့ဆိုင်တန်းမှ ဒေါ်စိုးမိုးသန်း၏ ရွှေဆိုင်(၁)ဆိုင်၊ ဦးစိုးမင်း ပန်းထိမ်လုပ်ငန်းဆိုင်(၁)ဆိုင်၊ ဦးတင်ရွှေ ၏ ယမကာဆိုင်(၂)ဆိုင်၊ ဦးမောင်လှထွန်း ဆံပင်ညှပ်ဆိုင်(၂)ဆိုင်နှင့် ဦးအောင်မင်း ဖုန်းပြုပြင်ရေးဆိုင်(၁)ဆိုင် တို့ ဖြစ်ကြောင်း ကာယကံရှင် စျေးဆိုင်ပိုင်ရှင်တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မီးလောင်ရာတွင်ပါသွားခဲ့သည့် ဆံပင်ညှပ်ဆိုင် ၂ဆိုင်ပိုင်ရှင် ဦးမောင်လှထွန်းက “ ဦးလေးတို့လည်း မီးညွှန့်တက်လာမှသိတာ။ ဆိုင်ခန်းတွေမှာက လူတွေမအိပ်ကြဘူး။ မီးလောင်သွားမှ သိရတာ။ အကုန်လုံး ဆုံးရှုံးသွားခဲ့ပြီဆိုတော့ ဒါလေးနဲ့လုပ်စားနေတာ ကုန်ပြီပေါ့ကွယ်” ဟုပြောသည်။

ယမကာဆိုင်နှစ်ဆိုင်နှင့် ၄င်း၏ ဆံပင်ညှပ်ဆိုင်တို့မှာ ဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း ၊ ရှိသမျှပစ္စည်း ပါသွားခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ကျောက်တော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဌေးမင်းနိုင်က “ မီးလောင်တာက ဆိုင်ခန်းခုနစ်ခန်းပေမယ့် နှစ်ခန်းတွဲတွေပါတာကြောင့် ငါးခန်းလို့ စာရင်းယူထားတယ်။ ဆံပင်ညှပ်ဆိုင်က ဘတ်ထရီအိုးရှော့ ဖြစ်ပြီးတော့လောင်တာပါ။ ရဲတပ်ဖွဲ့ကနေ အမှုဖွင့်လုပ်ဆောင်နေပါတယ်” ဟုပြောသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ၃၈ သိန်းကျော်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

(Photo by UMg Ayesaw Post)

ဆက်စပ် သတင်းများ