သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားမြို့တွင် ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွားပြီး အနီးအနားအိမ်များသို့ မီးကူးစက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃ / ၂ဝ၂ဝ (ည ၇ နာရီ ၅ မိနစ်)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ယနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကုန်စုံဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၎င်းမီးမှာ အနီးအနားနေအိမ်များသို့ ကူးစက်လောင်နေသည်ဟု သတင်းရရှိသည်။

စမီးလောင်သည့် ကုန်စုံဆိုင်မှာ အလယ်ပိုင်းရပ်ကွက်မှ ဦးမောင်ဖြူချေကုန်စုံဆိုင်မှ ဖြစ်ကြောင်း မင်းပြားမြို့ခံ ကိုစိုးနိုင်က ပြောသည်။

“ မီးက အရမ်းလောင်နေတယ်။ ငြိမ်းသတ်လို့မနိုင်ဘူးဖြစ်နေတယ်။ လောင်နေတာတော့ နာရီခွဲလောက်ရှိနေပြီ။ မီးလောင်တာကတော့ ဘယ်လိုမျိုးစလောင်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ အခုက ဘေးနားကအိမ်၂ /၃ အိမ်လောက်ကို ကူးသွားပြီ။ လေကလည်း တိုက်နေတယ်ဆိုတော့ ပိုပြီးတော့ စိုးရိမ်ရတယ်။ မီးသတ်ကား တွေတော့ ရောက်နေတယ်။ ဒါပေမယ့် မီးသတ်ကားတွေနဲ့ ထိန်းလို့ မနိုင်ဘူးဖြစ်နေတယ်”ဟု ယနေ့ ညနေ ၇ နာရီခန့်က နိရဥ္စရာသို့ ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကလည်း မီးလောင်မှုဖြစ်စဉ်မှာ မှန်ကန်ပြီး မည်သည့်နေရာမှစ၍ လောင်သည်ကို ၄င်းအနေဖြင့် မသိရသေးကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။


 (ဓာတ်ပုံ- အိအိမြင့်)

ဆက်စပ် သတင်းများ