သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူရောင်းဝယ်သူတစ်ဦးကိုဖမ်းဆီးမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စိတ်ကြွဆေးပြား ၃ဝဝဝ ကျော်နှင့်အတူ ရောင်းဝယ်ဖောက်ကားသူဟု ယူဆရသူတစ်ဦးကို ယခုလ ၂၆ ရက်နေ့က ရဲကဖမ်းမိသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ မာန်အောင်မြို့နယ်၊ ကမားအုပ်စု၊ ကမားကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးဝင်းနိုင်ဖြစ်ကြောင်း ၊ ငရုန်းတောင်အုပ်စု၊ ကမားဝကျေးရွာအနီး လယ်ကွင်းအတွင်းရှိသည့် နွားတင်းကုတ်တစ်ခုထဲတွင် WY ဆေးပြား ၃၉၉ဝ ပြားနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကမား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းရွှေက နိရဥ္စရာသို့ ပြောသည်။

“သိန်း ၅ဝ လောက် တန်ဖိုးရှိတယ်လို့ ကြားပါတယ်။ တစ်ခြားတစ်ရွာဖြစ်တဲ့ ကမားဝရွာက တစ်ယောက်က ကိုဝင်းနိုင်ကို အဲဒီ ဆေးပြားတွေ လာရောင်းဖို့ သူ့ဆီကို ခေါ်တယ်ပေါ့။ ခေါ်ပြီးတော့ သူက သက်ဆိုင်ရာကို လှမ်းအကြောင်း ကြားထားတယ်။ ကိုဝင်းနိုင်က အဲဒီလယ်ကွင်းထဲ တဲကိုရောက်တာနဲ့ ရဲက အသင့်စောင့်ပြီး ဖမ်းတာပေါ့” ဟု ပြောသည်။

ဦးဝင်းနိုင်အား ဖမ်းဆီးပြီးနောက် ကမားကျေးရွာတွင်ရှိသည့် ၄င်း၏ နေအိမ်ကိုလည်း ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်ဟု ဦးအုန်းရွှေက ပြောသည်။

“ရဲတွေက ကိုဝင်းနိုင်ကိုခေါ်ပြီး အဲဒီကိုဝင်းနိုင်အိမ်ကို သွားပြီးတော့ အိမ်ပေါ်တက်ရှာတာတွေ လုပ်သေးတယ်ပေါ့။ ဒါပေမယ့် ဆေးပြားတော့ ထပ်မိတာ မရှိပါဘူး” ဟု သူက ဆက်ပြောသည်။

ဦးဝင်းနိုင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် မာန်အောင်မြို့နယ် ဆားချက်ရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကမားရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က ရဲလုပ်ငန်းတည်ဆောက်နေတုန်းပဲ ရှိသေးတယ်။ အမှုက တရားစွဲတင်တဲ့ အဆင့် မရောက်သေးဘူး။ WY က အပြား ၃၉၉ဝ မိတာပေါ့။ တန်ဖိုးကတော့ အမျိုးမျိုးတွက်ကြတာဆိုတော့ အတိကျပြောလို့မရဘူး။ အရောင်ကတော့ လိမ္မော်ရောင်ပါ။ မိတာက တစ်ယောက်တည်းဆီက မိတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ဆေးပြားများမှာ  ၂ဝဝ ပါ ၁၉ ထုပ်၊ ဆေးပြား ၁၉ဝ ပါ တစ်ထုပ် စုစုပေါင်းဆေးပြား ၃၉၉ဝ အလေး ချိန်စုစုပေါင်း ၃၃၉ ဂရမ်ခန့်၊ ခန်းမှန်းကာလ တန်ဖိုးငွေကျပ် ၅၉၈၅ဝဝဝ၊မူးယစ်ဆေးဝါးအသုံး ပြုရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့် ၄င်းစီးနင်းသော CANDA-110 အမျိုးအစားအ စိမ်းပုပ်ရောင်ဆိုင်ကယ်တစ်စီးတို့ ကို သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

မာန်အောင်မြို့နယ်တွင် ယာဘားစိတ်ကြွဆေးပြားရောင်းဝယ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်နေပြီး လူငယ်လူရွယ်များ၏ မိဖများအကြားတွင်လည်း စိုးရိမ်မှုများ တိုးပွားနေကြောင်း သိရသည်။

မာန်အောင်မြို့မှ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ  ကိုကျော်မိုးနိုင်က “မူးယစ်ဆေးနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတယ်၊ စိုးရိမ်ရတယ်ပေါ့နော်။ ပြည်သူတစ်ယောက်အနေနဲ့ ဘာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးဟာ ကောင်းတဲ့အလုပ် မဟုတ်ဘူးလေ။ အခုလို မူးယစ်ဆေးဝါးတွေရှိနေတော့ ကလေးသူငယ်တွေကို ပိုပြီး စိုးရိမ်ရပါတယ်။ ဒါကို အစိုးရက တားဆီးရမယ်။ အစိုးရ တာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ် တားဆီးကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆက်စပ် သတင်းများ