သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ချင်းစာပေနှင့်ယဉ်ကျေးမှုကျောင်းနှင့် နေအိမ် ၆ လုံးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အုပ်စု၊ ရှမ်းကုန်းကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့်က ချင်းစာပေနှင့်ယဉ်ကျေးမှုကျောင်းတစ်ကျောင်းနှင့် နေအိမ် ၆ လုံးမီးလောင်သွားကြောင်း သတင်း ရရှိသည်။

အမ်းမြို့နယ်မှ လူမှုရေးလုပ်ငန်းများလုပ်နေသူ ကိုမျိုးလွင်က “ မီးက ဘယ်က စလောင်တယ်ဆိုတာ မသိရသေးဘူး။ အစ်ကိုတို့ သိတဲ့အချိန်က အတော်လောင်နေပြီ။ ည၁၂ နာရီခွဲလောက်တော့ မီးငြိမ်းသွားတယ်။ ရွာကတစ်ယောက်နဲ့ နောက်ဆုံးအဆက်အသွယ်ရပြီး ပုံတချို့ရလိုက်တယ်။ ဖုန်းလိုင်းလည်းမကောင်းတော့ ထပ်ဆက်လို့မရဘူးဖြစ်နေတယ်” ဟု နိရဥ္စရာသတင်းဌာနအားပြောသည်။

မီးလောင်ရာတွင် ရှမ်းကုန်းကျေးရွာမှ ဦးပိုင်၊ ဦးမောင်မောင်၊ ဦးအောင်ရွှေ၊ ဦးတင်မောင်၊ ဦးဘတင်၊ ဦးရှိန်တို့၏ နေအိမ်များနှင့် ချင်းစာပေနှင့် ယဉ်ကျေးမှုကျောင်းတို့မီးလောင်ပြာကျခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမ်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်သန်းဌေးက မီးလောင်သည့် နေရာမှာ အမ်းမြို့နယ်အလှမ်းဝေးသဖြင့် စုံစမ်းမှုပြုလုပ်နေကြောင်း ၊ မီးလောင်သည်မှာ ဟုတ်မှန်ကြောင်းပြောသည်။

“ ဘယ်က စလောင်တယ်ဆိုတာ စုံစမ်းနေတုန်းရှိပါသေးတယ်။ လူနေအိမ်ကတော့ ခြောက်ဆောင်မှာ သုံးဆောင်ကလူမနေဘူး။ နောက်သုံးဆောင်မှာပဲလူနေတာပါ။ အိမ်အမျိုးအစားတွေကို သိမှ ဆုံးရှုံးမှုတန်ဖိုး တွက်လို့ရမှာပါ”ဟုပြောသည်။

မီးလောင်မှုအား အမ်းမြို့ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းနေကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။

Photo- Ko Myo Lwin

ဆက်စပ် သတင်းများ