ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တပ်မတော်မော်တော်ယာဉ်နှင့်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

သျှင်မင်းဇံ၊ ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောအုပ်စုတွင် တပ်မတော်မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ တိုက်မှုဖြစ်ပွားပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာဖြင့် စစ်တွေဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းယာဉ်တိုက်မှုမှာ ကျေးရွာပိုက်ဆိပ်ကျေးရွာသင်္ချိုင်းအနီးတွင် ယနေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံးသွားသူမှာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငှက်ပျောချောင်းရွာမှ  ဦးဌေးကြီး (၄၉)နှစ် ဖြစ်ပြီး ၄င်းသည် အရှေ့တိုင်းစင်ယော် ကုန်တင်ဘုတ်တွင် အလုပ်လုပ်နေသူ တစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

ကျေးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးဝင်းသာက  “ ဖြစ်တာကတော့ ဆိုင်ကယ်နဲ့ ကား ရှေ့ဆိုင် တိုက်တာပေါ့။ စစ်တပ်ကကားနဲ့ တိုက်မိတာပါ။ စစ်တပ်ကကားမှာ ရေတိုင်ကီ ပေါက်သွားတယ်။ မောင်းလို့မရတော့ဘူး။ ဆိုင်ကယ်ကတော့ တစ်စစီဖြစ်သွားတယ်။ ဆိုင်ကယ်မောင်းလာတဲ့ လူကတော့ ကားအောက်ကို ဝင်သွားတယ်။ ယာဉ်ထိန်းတွေ ရောက်လာပြီး ကားကိုတော့ ယာဉ်ထိန်းရုံးသို့ ယူဖို့ လုပ်နေတယ်။ ကားမှာပါတဲ့ လူတွေကိုတော့ ယာဉ်ထိန်းရဲတွေ ပါဒလိတ် တပ်ကို ပို့မှာထင်တယ်။ ဘယ်တပ်ကဆိုတာတော့ ကျနော်မသိဘူး။ သင်္ဘောရေယာဉ်မှာ လိုက်ပြီး အလုပ် လုပ်တာ။ အတိုက်ခံရတဲ့ လူမှာတော့ ဒူးကျိုးသွားတယ်။ လက်ဆစ်ကျိုးသွားတယ်။ ပြီးတော့ ခေါင်းမှာလည်း ထိသွားတယ်”  ဟုပြောသည်။

၄င်းဦးဌေးကြီးကို အခင်းဖြစ်သည့်နေရာမှ စစ်တွေဆေးရုံသို့ ရွှေရောင်မေတ္တာ ပရဟိတ အသင်းကားဖြင့် ယူဆောင်လာခဲ့သော်လည်း ည ၆ နာရီခွဲအချိန်ခန့်တွင်  ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် တပ်ပိုင်မော်တော်ယာဉ်တစ်စီး ဘူးသီတောင် လှေဆိပ်သို့ အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ရန် သွားရောက်ရာ ဘရိတ်ပေါက်၍ လမ်းလျော်ခဲ့ရာမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တပ်ပိုင်မော်တော်ယာဉ်သည် ရွှေဖီဦးတည်ခိုးခန်းရှေ့ မျက်နှာစာအား ပွတ်ဆွဲမိရာမှ တည်ခိုးခန်ရှေ့ရှိ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရှိခဲ့ကြသော ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဇန်နဝါရီ ၁ ရက်နေ့က ဘူးသီးတောင်မြို့ ပြည်သူဆေးရုံသို့ ရောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူကို ကုသပေးခဲ့ကြောင်း ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ စောမင်းသိန်းက နိရဥ္စရာသို့  ပြောသည်။

“ ထိခိုက်ဒဏ်ရာရရှိကြတာတော့ ဟုတ်ပါတယ်။ ထိခိုက်ဒဏ်ရာရ ရရှိကြတဲ့ သူတွေထဲကမှ  ကလေးငယ် တစ်ဦးနှင့် အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့အတွက် အဲဒီနေ့ကဘဲ ပြင်ပလူနာဆောင်မှာ ကုသပြီး အိမ်ပြန်သွားတယ်။ ကျန် ၅၃ နှစ်အမျိုးသမီးမှာ ခေါင်းနဲ့ ခြေထောက်နည်းနည်း ဒဏ်ရ ရတယ်။ အဲဒီ ဒဏ်ရာအနည်းငယ်ရတဲ့ အမျိုးသမီးကတော့ ဒီနေ့ဘဲ ဒဏ်ရာ ပြန်လည်ကောင်းမွန်လို့ ဆေးရုံက ဆင်းသွားပါပြီ” ဟုပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘူးသီတောင်မြို့ ပြည်သူ့ဆေးရုံတွင် ကုသပေးခဲ့ပြီး နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည်ရှုထောက်ပ့ံပေးခဲ့ကြပြီး မော်တော်ယာဉ်မောင်းအား စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ