သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိ မြို့နယ်အသီးသီး၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်မှုဆိုင်ရာ ကြီးကြပ်ကော်မတီအဖွဲ့ စတင်ဖွဲ့စည်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

ဇော်ဝင်းဌေး(ငခူချောင်း)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈ / ၂၀၂၁

ရခိုင်ပြည်နယ်တွင် အစိုးရသစ်အတွက် မြို့နယ်အသီးသီး၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှုဆိုင်ရာ ကြီးကြပ်ကော်မတီအဖွဲ့များ စတင်ဖွဲ့စည်းနေကြပြီဖြစ်ကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်၌ အစိုးရသစ်အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ်များရွေးချယ်နိုင်ရန် ရွေးချယ်ရေးကော်မတီအဖွဲ့များ စတင်ဖွဲ့စည်းနေပြီဖြစ်ကြောင်း တောင်ကုတ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက နိရဥ္စရာသို့ ပြောသည်။

“ အေထွေထွေဦးစီးဌာနရုံးချုပ်က ချမှတ်ထားတဲ့ ဘောင်အတိုင်း ဖွဲ့စည်းတာပါ။ ကျွန်တော်သိသလောက်ကတော့ တခြားမြို့နယ် အသီးသီးတွေမှာလည်း ဖွဲ့စည်းနေပြီလိုတော့ သိရပါတယ်” ဟုပြောသည်။

တောင်ကုတ်အပြင် သံတွဲခရိုင်အတွင်း၌ရှိသော ဂွ၊ သံတွဲမြို့နှင့် အခြားသောမြို့နယ်အသီးသီးတွင်လည်း အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ ကြီးကြပ်ကော်မတီများ စတင်ဖွဲ့စည်းနေပြီ ဖြစ်ကြောင်းလည်း ဦးစောမင်းသူက ဆက်ပြောသည်။

ကြီးကြပ်ရေးမှူး ၅ ဦးကို တက်ရောက်လာသည့် အိမ်ထောင်စု ကိုယ်စားလှယ်များက ရွေးချယ်ရမည်ဖြစ်ပြီး ကြီးကြပ်ရေးမှူး၊ လက်ရှိအုပ်ချုပ်ရေးမှူး၊ စာရေးအပါအဝင် စုစုပေါင်း ၇ ဦးကို သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်းလည်း မအီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ပြောသည်။

“ ဖွဲ့စည်းတဲ့အခါ ဥပဒေအတိုင်းဖွဲ့စည်းတာပါ။ ကြီးကြပ်ရေးမှူး ၅ ယောက်ကို တက်ရောက်လာတဲ့ အိမ်ထောင်စု ကိုယ်စားလှယ်များက ရွေးချယ်ရပါမယ်။ သူတို့ရွေးချယ်ထားတဲ့ ကြီးကြပ်ရေးမှူးတွေကိုပဲ အတည်ပြုရွေးချယ်ပြီး သင်တန်းပို့ချမှာပါ။ မအီဘက်ခြမ်း ၁၅ အုပ်စုမှာတော့ ကြီးကြပ်ရေးမှူးအဖွဲ့များ ဖွဲ့စည်းပြီးပါပြီ။” ဟုပြောသည်။

အဆိုပါကြီးကြပ်အဖွဲ့ ဖွဲ့စည်းရာတွင် ဇန်နဝါရီ ၂၃ ရက်နေ့မှ ၂၇ အတွင်း ဖွဲ့စည်းရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်မှ ၃၀ တွင် ကြီးကြပ်ရေးမှူးများကို သင်တန်းပေးရမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးရွေးချယ်မှု လုပ်ငန်းစဉ်များကို ၄င်းကြီးကြပ်ရေးမှူးအဖွဲ့များက ဆက်ပြီးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးကျော်ပုက ဆက်ပြောသည်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးကလည်း အစိုးရသစ်အတွက် အုပ်ချုပ်ရေးမှူးရွေးချယ်ရေးမှုဆိုင်ရာ ကြီးကြပ်ကော်မတီများ စတင်ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း အတည်ပြုပြောသည်။

“ ဖွဲ့စည်းတာတော့ ဟုတ်ပါတယ်။ အစိုးရသစ်လည်း ဖွဲ့စည်းတော့မယ်ပေါ့။ ဖွဲ့စည်းပုံအဆင့်ဆင့်ကို သက်ဆိုင်ရာ facebook page တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်” ဟုပြောသည်။

အချို့မြို့နယ်များတွင် ကြီးကြပ်ကော်မတီဖွဲ့စည်းနိုင်ခြင်းမရှိသေးသော်လည်း ကော်မတီဖွဲ့စည်းနိုင်ရန်အတွက် အစည်းအဝေးများပြုလျက်ရှိနေပြီဟုလည်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာအုပ်ချုပ်ရေးမှူး ဦးခင်ထွန်းက “ ကျွန်တော်တို့ အုပ်စုမှာတော့ မဖွဲ့ရသေးပါဘူး။ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ မဖွဲ့ရသေးပါဘူး။ ယမန်နေ့က အစည်းအဝေးတက်ရောက်ကြရပါတယ်။ ကော်မတီဖွဲ့ဖို့ အတွက် စာတော့ရောက်နေပါပြီ” ဟုပြောသည်။

အစိုးရသစ်ဖွဲ့ရန် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများကို ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်၌ စတင်ကျင်းပမည်ဟု ပြည်ထောင်စုလွှတ်တော်က ကြေညာထားသည်။

တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ၌ နိုင်ငံတော်သမ္မတများကို ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများ ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ဆက်လက်ရွေးချယ်ကြမည်ဖြစ်ပြီး အလားတူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်များကိုလည်း ဆက်လက်ရွေးချယ်ကြမည်ဖြစ်သည်။

ဓာတ်ပုံ - တောင်ကုတ်မြို့ပေါ် ရပ်ကွက်များအတွက် ကြီးကြပ်ရေးမှူးရွေးပွဲကို သိမ်တောင်ရပ်ကွက်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ / Photo - ရဲမာန်ခိုင်

ဆက်စပ် သတင်းများ