အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ်တွင် နေအိမ်တစ်လုံးမီးလောင်ရာမှ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈ / ၂၀၂၁

တောင်ကုတ်မြို့နယ်၊ တောင်ရွာကျေးရွာတွင် ယမန်နေ့ ညန ၆ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားရာတွင်  ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သတင်း ရရှိသည်။

မီးလောင်၍ ဒဏ်ရာရရှိသွားသည့် ကလေးငယ်မှာ မောင်ဟိန်းထက်စိုး(အသက် ၃ နှစ်) ဖြစ်ပြီး  ဦးမောင်အုန်း နှင့် ဒေါ်ခင်ဌေးကြည် တို့၏ သားဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းမှာ  အိမ်ရှေ့၌ထားသည့် ဓာတ်ဆီဗူးကို ကလေးငယ် ကစားရာမှ ဓာတ်ဆီများ ထင်းမီးဖိုသို့ စီးကျသွားပြီး ယင်းမှတစ်ဆင့် ကူးစက် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ် နှလုံးလှကမ်းလက်များ ပရဟိတအဖွဲ့ အတွင်းရေးမှူး ကိုဝင်းမြင့်သူက ပြောသည်။

  ဘယ်လိုဖြစ်လည်းဆိုတော့ ကလေးရဲ့အမေက မီးဖိုထက်မှာ ထမင်းချက်ထားတယ်။ ထင်းမီးဖိုပေါ့။ ပြီးတော့ သူက ရေချိုးဖို့ သွားတယ်။ အဲဒီအချိန်မှာ ကလေးက အိပ်ကျန်နေတယ်။ ဆိုတော့ ကလေးက အိပ်ရာက နိုးလာတဲ့ပုံပေါ်တယ်။ ကလေးရဲ့မိဘတွေ ပြောပုံအရပေါ့။ ကလေးရဲ့ မိဘတွေက ငါးဖမ်း လုပ်ငန်းလုပ်တယ်။ အဲဒီလုပ်ငန်းမှာ အသုံးပြုသွားလာတဲ့ စက်လှေငယ်မှာ တပ်ဆင်တဲ့ ဟွန်ဒါစက်က အိမ်ရှေ့မှာ ရှိတယ်။ ပြီးတော့ ဓာတ်ဆီဗူးတွေလည်း အိမ်ရှေ့မှာရှိတယ်။ အဲဒီ ဓာတ်ဆီဗူးတွေကို ကလေးကယူပြီးကစားပုံရတယ်။ ကစားရာကနေ ဆီဗူးတွေ လှဲမှောက်ပြီး ဓာတ်ဆီတွေ အိမ်ရှေ့မှာ ပြန့်သွားတယ်။ ဓာတ်ဆီက မီးရှိတဲ့နေရာနဲ့ နည်းနည်းနီးတော့ အဲဒီကတစ်ဆင့် မီးကူးပုံရတယ်။ မီးကူးစက်ပြီး မီးလောင်တော့ အိမ်တစ်ခုလုံး ပါသွားတယ်။ ကလေးကပါ မီးလောင်ရာမှာ ပါသွားတယ်လို့ ပြောပါတယ် ဟု ပြောသည်။

အဆိုပါကလေး၏ လည်ပင်း၊ နားရွက်၊ မျက်နှာတစ်ခုလုံး ဒဏ်ရာရရှိသွားခဲ့ပြီး ကလေး၏ မျက်လုံးနှစ်စု ထိခိုက်သွားမည်ကို  စိုးရိမ်ရကြောင်း ၄င်းက ပြောသည်။

မီးလောင်ရာတွင် ဆုံးရှုံးတန်ဖိုး ၈ သိန်းကျော်ခန့်ပါသွားသည်ဟု ကလေး၏ ဆွေမျိုးတော်စပ်သူ ကိုမောင်သိန်းဝင်းက ပြောသည်။

 မီးလောင်တာက တစ်အိမ်လုံးပါသွားတယ်။ ငွေကြေးတစ်ချို့လည်း ပါသွားတယ်။  အိမ်သုံးပစ္စည်းတွေကအစ အကုန်လုံး ပါသွားတာပါ့။ ဆုံးရှုံးမှုက ရှစ်သိန်းဖိုးလောက်ရှိပါတယ် ဟု ၄င်းက ပြောသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် မီးသတ်ရုံး ဦးစီးအရာရှိ ရွှေလင်းမောင်အား ဖုန်းဆက်သွယ်မေးမြန်းရာတွင် ၄င်းမီးလောင်မှုနှင့် ပတ်သက်ပြီး  သတင်းအချက်အလက်များအား မသိရှိရသေးကြောင်း ပြောသည်။

၄င်းကလေးအား  ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအသင်းမှ သံတွဲကနေ ကမ်းသာယာ ဂွမြို့အထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။ ယခုလက်ရှိ  ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ