Preview

အမ်းမြို့နယ်မီးလောင်မှုဖြစ်၊ နေအိမ် ၁၃ လုံးလောင်ကျွမ်း

မတ် ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :7067
မှုခင်း သတင်း

ချစ်အိလှိုင်၊
နိရဉ္စရာ၊ မတ် ၆/၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု၊ နေကာရွာသစ်တွင် မီးလောင်၍ နေအိမ် ၁၃ လုံး နှင့် ဆိုင်ကယ်နှစ်စီး မီးလောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းမီးမှာ ယနေ့ မွန်းလွဲ ၃ နာရီခန့်က လောင်ကျွမ်းခဲ့သည်ဟု သိ၇သည်။
နေအိမ်မီးလောင်သွားသူများမှာ ဦးရဲကြီး၊ ဦးအောင်ကြည်၊ ဦးအောင်လင်း၊ ဦးကျော်၊ ဦးထွန်းလင်း၊ ဦးပိုင်လေး၊ ဦးပေ၊ ဦးစိုးသိန်း၊ ဦးမောင်မြတ်အေး၊ ဦးမောင်ဝင်း၊ ဦးဇေယျာအောင်၊ ဦးဂျင်လုံးနှင့် စအဖ ဝန်ထမ်းတစ်ဦး၏ ဆောက်လက်စအိမ်တစ်ဆောင်တို့ ဖြစ်ကြသည်ဟု နေကာရွာသစ် ဆယ်အိမ်မှူး ဦးအောင်လင်းကပြောသည်။
" ကျွန်တော်တို့ အိမ်လည်း ပါသွားတယ်။ အိမ်ဆောက်ဖို့စုထားတဲ့ သစ်တွေလည်းပါသွားတယ်။ သွပ်မိုးအိမ်သုံးဆောင်နဲ့ကျန်တဲ့အိမ်တွေက ဓနိမိုးထားတာပါ။ မီးလောင်ရာမှာ ပါသွားတဲ့လူတွေက မိုးကာခင်းပြီးနေနေပါတယ်။ ခံစားရတာက ဒီနေရာကို ပစ်ပြီးသွားလိုက်ချင်တော့တယ်။ ဘာမှ မကျန်အောင်ပြကျသွားခဲ့ပြီ။ ကျွန်တော်တို့ ဘယ်လိုနေထိုင်စားသောက်ကြတော့မလဲ။ မောင်မြတ်အေးမှာ ဆိုင်ကယ်နှစ်စီးပါသွားတာပါ"ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သန်းဌေးက ဆုံးရှုံးမှုတန်ဖိုး ၂၆၇၀၀၀၀ ကျပ် (နှစ်ဆယ့်ခြောက်သိန်းခုနစ်သောင်းကျပ်)ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ပြောကြားသည်။
" အခုလက်ရှိမီးလောင်သွားတဲ့လူတွေကတော့ ဒီလိုပဲ ယာယီလုပ်ထားပေးရတယ်။ ဦးဂျင်လုံးအိမ်နဲ့ ကိုင်းတောကြားမှာ အမှိုက်ပုံရှိတယ်။ အဲဒီကနေစလောင်တာပါ။ ဦးဂျင်လုံးအိမ်ကလည်း လူမနေတာကြာပါပြီ။ အဲဒီအမှိုက်ပုံမှာ မီးစပစ်သွားတာဘယ်သူဆိုတာ စုံစမ်းနေပါတယ်" ဟုပြောသည်။
အဆိုပါမီးလောင်မှုကြောင့် လူပေါင်း ၅၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟု သိ၇သည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် မီးလောင်မှု ဖြစ်၍ လူနေအိမ် ၃လုံးနှင့် စာသင်ကျောင်းရုံးခန်းတစ်ခုတို့ မီးလောင်သွားခဲ့သည်။

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.