ဆောင်းဇာခြည်
နိ၇ဉ္စရာ၊ ဧပြီ ၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၃)မှရွှေဆိုင်တစ်ခု ယနေ့ နေ့လယ် ၁ နာရီခန့်က ဓါးပြတိုက်ခံခဲ့၇ကြောင်းသတင်းရရှိသည်။
အဆိုပါ ရွှေဆိုင်မှာ မင်းဂံရပ်ကွက် (၃) တွင် ရှိသည့် ဦးမောင်လုံးနှင့်ဒေါ်စန္ဒာအေးတို့၏ “နယူးစတိုင်” ရွှေဆိုင်ဖြစ်ကြောင်း၊ဆိုင်ရှင်မှ အော်ဟစ်အကူအညီတောင်းစဉ် ဓားပြတိုက်သူ နှစ်ဦးမှာ တစ်စုံတစ်ရာ ရရှိသွားခြင်းမရှိဘဲ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားကြောင်း ရွှေဆိုင်ပိုင်ရှင်ဦးမောင်လုံးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ပထမကလူနှစ်ယောက်ပေါ့။ Platinum (ရွှေဖြူ)ရောင်းမယ်ဆိုပြီးတော့ ဆိုင်ကိုဝင်လာတယ်။ အဲဒါလက်မခံဘူးပြောတော့ ထွက်သွားတယ်။ နောက်ငါးမိနစ်လောက်ကြာတော့အဲဒီလူနှစ်ယောက်က ပြန်ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတံခါးကိုပိတ်ပေးထားပြီး နောက်တစ်ယောက်က သေနတ်နဲ့ ချိန်ရွယ်ထားတယ်။ မှန်ဘောင်ထဲက ရွှေတွေကိုသိမ်းလို့ပြောတယ်။ အဲဒီမှာ ကျွန်တော်က ဓါးပြ.. ဓါးပြလို့အော်လိုက်တာ။ အဲဒီကျမှ သူတို့ထွက်ပြေးသွားပါတယ်။ ဘာမှတော့ရမှတော့ ၇မသွားဘူး” ဟုပြောသည်။
၄င်း အမည်မသိသူ နှစ်ဦးမှာ ယင်းဆိုင်ထဲသို့ တရုတ်ဆိုင်ကယ်အပြာရောင်တစ်စီးအား နှစ်ယောက် စီးကာ ဝင်လာခြင်းဖြစ်ကြောင်း၊ ရွှေတစ်စုံတစ်ရာပါမသွားသော်လည်း ဦးမောင်လုံးထိုသို့ အော်ပြီးနောက် ၄င်းတို့နှစ်ဦးမှာ ဦးမောင်လုံး၏ဇနီးဖြစ်သူဒေါ်စန္ဒာအေးထံမှ လက်ကိုင်ဖုန်းအားယူကာ ၄င်းတို့နှင့်ပါလာသည့် ဆိုင်ကယ်အားစီးကာ ထွက်ပြေးသွားကြောင်း သိ၇သည်။
ထိုနှစ်ဦးမှာ အသက် ၃၀ ကျော်အရွယ်တစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်တစ်ဦးတို့ဖြစ်ကြောင်းဦးမောင်လုံးပြောပြချက်အရ သိ၇သည်။
မင်းဂံရပ်ကွက် (၃) တွင် ထိုကဲ့သို့ ဓါးပြတိုက်မှုဖြစ်ပွားခဲ့သည်မှာမှန်ကန်ကြောင်း မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိ၇ဉ္စရာသို့အတည်ပြုပြောကြားသည်။
ယင်းဖြစ်စဉ်ဖြစ်ပြီးနောက် ရွှေဆိုင်အား စစ်ဆေးရန် တာဝန်ရှိရဲဝန်ထမ်းများရောက်၍၄င်းရဲဝန်ထမ်းများအား ဓါးပြတိုက်မှုနှင့်ပတ်သက်ပြီး နိ၇ဉ္စရာမှအင်တာဗျူးမေးရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။