သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘုရားဖူးသုံးဘီးယာဉ်နှင့် ဘတ်စ်ကားတိုက်၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဧပြီ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမတွင် ယမန်နေ့ ဧပြီ ၁၉ ရက်နေ့က မြောက်ဦးမြို့သို့ ဘုရားဖူးသွားသည့် သုံးဘီးယာဉ်နှင့် ဘတ်စ်ကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား၍ ဘုရားဖူးသွားသည့် ကလေးငယ်တစ်ဦးနှင့် သက်ကြီး အမျိုးသမီးတစ်ဦးတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူများမှာ ပေါက်တောမြို့ပေါ်မှ ဦးမောင်ဦးသာ၏ ဇနီး အသက် ၆၀ ကျော်အရွယ် အဘွားအိုနှင့် သူမ၏မြေး မောင်သက်ပိုင်စိုး (၁၀) နှစ်တို့ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပေါက်တောမြို့မှ အိန္ဒိယသုံးဘီး တစ်စီးနှင့် ရန်ကုန်ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင်သွားသည့် Express ကားတစ်စီးတို့မှာ မင်းပြားမြို့နယ်၊ ဆပ်ကျာအုပ်စု၊ ဟာရပိုင် (မူဆလင်) ကျေးရွာအနီးသို့အရောက် ရန်ကုန်-စစ်တွေ ကားလမ်းမ အကွေ့တွင် မျက်နှာချင်းဆိုင် ဝင်တိုက်ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“ပေါက်တောက အဲဒီသုံးဘီးငယ်လေးနဲ့ လူခုနှစ်ယောက်ဟာ မြောက်ဦးမြို့ကို ဘုရားဖူးသွားတာ။ အဲဒီမှာ ဟာရပိုင်မူဆလင်ရွာနားက အကွေ့မှာ မျက်နှာချင်းဆိုင်တိုက်ကြတာ။ ပေါက်တောက လူတွေက မြောက်ဦးကိုသွားမယ်ဆိုရင် မင်းပြားမြို့နယ်တွင်းက ဖြတ်ပြီးသွားရပါတယ်။ သေသွားတဲ့သူတွေက ခေါင်းတစ်ခုလုံး ပြိုကွဲသွားတာ။ Express ကားနာမည်ကိုတော့ ကျွန်တော်လည်း အတိကျ မသိဘူး” ဟု ပြောသည်။
အဆိုပါ သေဆုံးသူနှစ်ဦးမှာ ပေါက်တောမြို့မှ ဖြစ်သဖြင့် ၎င်းမြို့နယ်၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးအားဆက်သွယ်ရာ ၎င်းက သုံးဘီးပေါ်တွင် ယာဉ်မောင်းသူအပါအဝင် ၇ ဦးပါရှိကာ ယင်းထဲမှ နှစ်ဦးမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ကျန် ၅ ဦးထဲတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦးပါဝင်ကြောင်း ပြောသည်။
“နှစ်ယောက်ဆုံးသွားတော့ ယာဉ်မောင်းအပါအဝင် ငါးယောက် ကျန်တယ်။ အဲဒီထဲက အသက်တစ်ဆယ်ကျော် ယောက်ျားလေး နှစ်ယောက်က ဒဏ်ရာပြင်းတယ်။ ကျန်သုံးယောက်ထဲမှာ နှစ်ယောက်က မင်းပြားဆေးရုံမှာ ကုသနေပြီးတော့ ကျန်တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းပဲ ရတဲ့အတွက် ဆေးရုံမတက်လိုက်ရဘူး။ အဲဒီကားကြီးက ရန်ကုန်ဘက်ကို ကုန်တင်ပြီး သွားတာလို့ သိရပါတယ်။ အဲဒီကားထဲမှာ လူမပါတော့ ဘာမှမဖြစ်ပါဘူး။” ဟု ပြောသည်။
ဒဏ်ရာပြင်းထန်သည့် အသက် တစ်ဆယ်ကျော် ယောကျ်ားငယ် နှစ်ဦးမှာ လက်ရှိ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့မရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “အခုလက်ရှိတော့ ကားဆရာက ရှောင်နေပါတယ်။ ဖမ်းမမိသေးဘူးပေါ့။ ကျွန်တော်တို့ သွားတဲ့ အချိန်မှာ ကားဆရာက ပျောက်သွားတယ်။ ဒီပုံစံလေးပဲ ကျွန်တော်တို့ သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့က နှစ်ဦးနှစ်ဘက်တိုက်တဲ့အတွက် နှစ်ဦးနှစ်ဘက်လုံးကို အမှုဖွင့်တာပေါ့လေ။ အရေးယူတာပေါ့” ဟု ပြောသည်။
သေဆုံးသွားသူများအား ဧပြီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်း၌ ပေါက်တောမြို့ သုဿန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ-ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမတစ်နေရာအား တွေ့ရစဉ်

ဆက်စပ် သတင်းများ