ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကဏန်းထောင်ရန်သွားသူတစ်ဦးကို မျက်နှာဖုံးအုပ်ထားသည့် အမည်မသိလူတစ်စုက ဝိုင်းရိုက်၍ ဆေးကုသမှုခံယူနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၁၄/ ၂ဝ၂၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ လောင်းဒုံကျေးရွာမှ ကဏန်းထောင်ရန်သွားသူ လူငယ်တစ်ဦးကို မေလ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်က မျက်နှာဖုံးအုပ်ထားသည့် အမည်မသိ လူတစ်စုမှ ဝိုင်းရိုက်နှက်သဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

 

၄င်းမှာ လောင်းဒုံကျေးရွာမှ ကဏန်းထောင်၍ အသက်မွေးနေသူ ကိုမောင်ဖိုးယဉ် (၂ဝ)နှစ်ဖြစ်ကြောင်း၊ လောင်းဒုံကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ လူမနေတော့သည့် အထက်ပြူးမကျေးရွာအနီး မြောချောင်းတွင် ကဏန်းထောင်နေစဉ် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲကျော်ကပြောသည်။

 

လူဆယ်ယောက်လောက်ရှိမယ်လို့ပြောတယ်။ နောက်ကနေချောင်းရိုက်ပြီး ထိုးကြိတ်ခဲ့ကြတာ။ မူဆလင်စကားပြောတယ်လို့သိရတယ်။ ဦးလေးအထင် အာဆာတို့လို့အဖွဲ့တစ်ခုခုကဖြစ်ဖို့များတယ်။ သူသတိမေ့သွားတော့ သေတယ်ထင်ပြီး ဆက်မရိုက်ပဲထားခဲ့ကြတာ။ သတိရလာတော့ ရွာကိုပြေးလာခဲ့တာ။ အခုရွာမှာဆေးကုသမှုခံယူနေပါတယ်။ဟုပြောသည်။

 

ကိုမောင်ဖိုးယဉ်တွင် ဦးခေါင်းနှင့် ခြေထောက်တို့တွင် ရိုက်နှက်ခံသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ လောင်းဒုရဲစခန်းအား ဆက်သွယ်ရာ ၄င်းလူငယ်ရိုက်နှက်ခံရမှုမှာ ဟုတ်မှန်ကြောင်း ၊ သို့ရာတွင် ၄င်းတို့အနေဖြင့် အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးနေဆဲဖြစ်၍ တစ်စုံတစ်ရာ အသေးစိတ် ဖြေဆိုနိုင်ခြင်းမရှိသေးပါဟု ပြောဆိုကာ ဆက်လက်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

ဆက်စပ် သတင်းများ