ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇွန် ၁ဝ/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခမောင်းတောကျေးရွာအနီးကျောက်တူးတွင်းထဲတွင် ယမန်နေ့ ဇွန်လ ၉ ရက်နေ့က ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူကလေးငယ်နှစ်ဦးမှာ ခမောင်းကျေးရွာမှ ဦးမိုးမိုးကျော်၏သား မောင်မိုးထက်ကျော်(၄ နှစ်)နှင့် ဦးတင်ကျော်ဟန်၏သား မောင်နားတက်ချေ(၃ နှစ်) တို့ဖြစ်သည်။

ခမောင်းတောကျေးရွာမူလတန်းကျောင်းအုပ်ဆရာကြီး ဦးစိန်ဝင်းက အဲဒီတွင်းက ရွာလမ်းခင်းတဲ့အချိန်က ကျောက်တူးထားတဲ့ နေရာမှာ တွင်းဖြစ်ကျန်ခဲ့တာပါ။ စာသင်ကျောင်းဘောလုံးကွင်းနားမှာပေါ့။ မိုးရွာတော့ ရေပြည့်သွားတာ။ လူကြီးတွေနဲ့ဆိုရင် ခါးလောက်ရှိမယ်ရေက။ ကလေးတွေက ကျောင်းမနေရသေးတဲ့ ကလေးတွေပါ။ ဘာသွားလုပ်တာလဲတော့ မသိဘူး။ မိဘတွေအလုပ်သွားတဲ့အချိန်မှာ ရေတွင်းနားရောက်သွားပုံရတယ်။ ငါးသွားရှာတဲ့လူကတွေ့တာ။ အလောင်းတွေ့တဲ့အချိန်မှာ တစ်ယောက်ိုတစ်ယောက် ဖက်ပြီးတွေ့တာလို့ပြောတယ်။ ရေနစ်တဲ့အခါမှာ တစ်ယောက်ကို တစ်ယောက်ဆယ်တာဖြစ်နိုင်တယ်။ဟုပြောသည်။

အဆိုပါကလေးငယ်နှစ်ဦး၏ အလောင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

၄င်း ခမောင်းတောကျေးရွာတွင် အိမ်ခြေ ၂၆ဝ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ