စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ၈ တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2.6k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့တွင် ၈ တန်းကျောင်းသူတစ်ဦး ယနေ့ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ တန်းလွဲရွာမမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးမောင်မြနှင့် ဒေါ်ဝင်းသူဇာတို့၏ သမီး မလဲ့လဲ့ဝင်း (၁၄ နှစ်ခန့်)ဖြစ်သည်။
သူမသည် ယနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ်က တန်းလွဲရွာမမြို့ရှိ အသစ်ဆောက်လုပ်ပြီးစီးထားသည့် ရေလှောင်တာတမံတွင် သူငယ်ချင်း ၇ ဦးနှင့်အတူ ရေချိုးကြစဉ် ရေနစ်မြုပ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက နိရ ဉ္စရာကိုပြောသည်။
“သူငယ်ချင်း ၇ ယောက်၊ သူအပါအဝင် ၇ ယောက်သွားပြီးတော့ အဲဒီမှာ ပျော်ပျော်ပါးပါးသွားကြတာ။ အဲဒီမှာ မတော်တဆဖြစ်သွားတာ။”ဟု တန်းလွဲရွာမမြို့ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဦးက ပြောသည်။
ရေနစ်မြုပ်စဉ် မလဲ့လဲ့ဝင်းနှင့် အခြားတစ်ဦးတို့ နစ်မြုပ်ခြင်းဖြစ်ပြီး အနီးအနားမှလူများက ကယ်ဆယ်ကြစဉ် အခြားတစ်ဦးမှာ သတိရသော်လည်း မလဲ့လဲ့ဝင်းမှာ သတိမရတော့ကြောင်း ဒေသခံများက ပြောသည်။
“သတိမရတဲ့အတွက် ရွာမဆေးရုံကိုယူတယ်။ အဲဒီမှာလည်း သူက အခြေအနေမကောင်းတော့ဘူး။ ပါးစပ်က အမြှုပ်တွေထွက်ပြီး နှာခေါင်းကလည်း သွေးလျှံနေပြီ။ အဲဒါနဲ့ တောင်ကုတ်ဆေးရုံကိုပို့တော့ လမ်းမှာ ဆုံးတာလို့ သိရတယ်။”ဟု ဒေသခံဦးခိုင်မောင်ရီက ပြောသည်။
သေဆုံးသွားသည့်အမျိုးသမီးသည် တန်းလွဲရွာမအထကကျောင်းတွင် ၈ တန်းတက်နေသူဖြစ်သည်။
လက်ရှိတွင် သူ့အလောင်းအား တောင်ကုတ်ဆေးရုံမှ တန်းလွဲရွာမမြို့သို့ သယ်ဆောင်သွားကြပြီဟု သိရသည်။

ဆက်စပ် သတင်းများ