သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် လူငယ်လယ်လုပ်သားတစ်ဦး သတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k


ထက်အောင်
နိရဉ္စရာ၊ ဇွန် ၂၈/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လယ်အငှားလုပ်သည့် လူငယ်တစ်ဦး ယမန်နေ့ဇွန်လ ၂၇ ရက်နေ့ ညက လယ်ယာ လုပ်ငန်းခွင်ရှိ တဲအိမ်အတွင်း၌ ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ထိုလူငယ်မှာ မြောက်ဦးမြို့ ညောင်ပင်ဈေးရပ်ကွက်နေ ဦးနီအောင်ကျော် ပိုင်သော လယ်၌ လယ်အငှား လုပ်နေသူ အသက် (၂၀) အရွယ် မောင်စိုးထွန်း ဖြစ်ပြီး မြောက်ဦးမြို့နှင့် (၄) မိုင်ခန့်အကွာ ပန်းဈေးမြောင်းချောင်း တစ်ဖက်ကမ်း ရွာဟောင်းတောကျေးရွာလယ်ကွင်းထဲရှိ တဲအတွင်း၌ အိပ်နေစဉ် ဓားဖြင့် အခုတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဆင်ချဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဦးမောင်ပုက ပြောသည်။
“သူက လယ်အငှားလုပ်တယ်။ လယ်ပိုင်ရှင်ကလည်း အလုပ်သမားက တဲမှာကျန်ခဲ့တော့ ရွာကိုပြန်လာတယ်။ ဒီနေ့ မနက် လယ်ပိုင်ရှင်က တဲကိုသွားတဲ့အချိန်မှာ သူက ဓားဒဏ်ရာနဲ့သေနေတာကို တွေ့ရတယ်လို့ ပြောတယ်။ ဒဏ်ရာကတော့ ဦးခေါင်းနောက်ကျောနဲ့ နားရွက်မှာ ဓားဒဏ်ရာ တစ်ချက်တွေ့ရတယ်။ ပြီးတော့ အဲဒီ တဲထဲမှာရှိတဲ့ ဓားနှစ်ချောင်း သုံးချောင်းကိုလည်း ယူသွားတယ်။ ကြက်လည်း (၄) ကောင်ပါသွားတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသည့်လူငယ်၏ ဇာတိနေရပ်မှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရက်ကွက်၊ ရွာသစ်ကျေးရွာမှ ဖြစ်ပြီး ညောင်ပင်စျေးရပ်ကွက်တွင် သူရင်းငှား လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဓားဖြင့်ခုတ်ခံရ၍ သေဆုံးသွားခြင်းအပေါ် အမှုမှန် ပေါ်ပေါက်ရေးလိုလားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း သေဆုံးသူ မောင်စိုးထွန်း၏ ဦးလေးဖြစ်သူ ဦးထွန်းစိန်မောင်က ပြောသည်။
“ ဘယ်သူတွေ သတ်ဖြတ်သွားတယ်ဆိုတာ အခုထိ မသိရသေးပါဘူး။ တရားခံကို အခုထိ မသိသေးပါဘူး။ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးစေချင်ပါတယ်။ သားတစ်ယောက် သေဆုံးသွားတဲ့အပေါ်မှာတော့ ဆုံးရှုံးသွားတဲ့အပေါ်မှာတော့ ဝမ်းနည်း ကြေကွဲရပါတယ်။ သူကအရက်လည်း မသောက်ပါဘူး။ လူကောင်းလူမွန်ပါ။ စာလည်းမတတ်ပါဘူး။ သို့ပေမယ့်လည်း သူဟာ လူတစ်ပါးအပေါ်မှာ ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ဆင်းရဲပင်ပန်းတဲ့အတွက် သူများဆီမှာ အငှားလုပ်ရတာပါ” ဟု ဦးလေးတော်စပ်သူ က ပြောသည်။
သေဆုံးသွားသူအား နောက်နေ့ ဇွန်လ ၂၉ ရက်နေ့ နေလယ်ပိုင်းတွင် သင်္ဂြိုလ်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြောက်ဦးဆေးရုံ၌ ဆေးစစ်ဆေးချက် ရယူထားကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကလည်း ဖြစ်စဉ်ကိုအတည်ပြုပြီး အမှု ဖွင့်ထားကြောင်းနှင့် တရားခံအားစုံစမ်းဆဲ ဖြစ်ကြောင်း ပြောသည်။
မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက “ အကြမ်းဖျင်းပဲပြောပြပါမယ်။ အမှုဖွင့်ထားတယ်။ စုံးစမ်းဆဲ၊ တရားခံမပေါ်သေးဘူး။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရပါမယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
၎င်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မိသားစုအနေဖြင့် မြောက်ဦးမြို့မရဲစခန်းတွင် တိုင်တန်းထားပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ