Preview

စစ်တွေတွင် စက်လှေပိုင်ရှင်တစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဇူလိုင် ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :1709
မှုခင်း သတင်း

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆတ်ရိုးကျတံတားအောက်၌ စက်လှေပိုင်ရှင်တစ်ဦး ဓားခုတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့နယ် ကျေးတောအုပ်စုကျေးတောရွာမကျေးရွာနေ ဦးစံဦးကျော် (၆၆ နှစ်)ဖြစ်သည်။

သူသည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ပုစွန်ဒိုင်သို့ ပုစွန်သွင်းပြီးနောက် လှေလုပ်သား ၃ ဦးနှင့်အတူ ဆတ်ရိုးကျချောင်းသို့ပြန်လာခဲ့သည်ဟု သိ၇သည်။ ယင်းသို့ပြန်လာစဉ် ပဲ့ကိုင်ဖြစ်သူ ကိုဝင်းမောင်ချေ (၃၀ နှစ်ခန့်)နှင့် စကားအနည်းငယ်များရာမှ ကိုဝင်းမောင်ချေက ဓားရှည်ဖြင့် ခုတ်လိုက်ရာ ဦးစံဦးကျော်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ သားဖြစ်သူက နိရဥ္စရာကိုပြောသည်။

၎င်းက "ကျနော့်သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။ ဝင်းမောင်ချေက မင်းအဖေကို ခုတ်လိုက်ပြီး ဓားတစ်ချောင်းနဲ့ ထွက်ပြေးသွားပြီလို့ ပြောတယ်။ ကျနော့်အဖေနဲ့ လှေလုပ်သားနှစ်ယောက်တို့ လှေကို တွန်းနေချိန်မှာ ဝင်းမောင်ချေက လှေပေါ်ကနေစီးပြီးတော့ ခုတ်လိုက်တာပါ။ အလောင်းကို ကျွန်တော့်ယောက်ဖ လှေပဲ့အောက် ရေထဲက တွေ့တယ်။"ဟု နိရဥ္စရာသို့ ပြောသည်။

လက်ရှိတွင် သေဆုံးသွားသူ၏ အလောင်းကို စစ်တွေဆေးရုံ ရင်ခွဲရုံသို့ ယူဆောင်သွားသည်။

သေဆုံးသွားသူမှာ ဦးခေါင်းနှင့်လည်ပင်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်တွေမြို့နယ် အမှတ် (၂) နယ်မြေခံ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း အမှုတည်ဆောက်နေဆဲဖြစ်၍ မပြောနိုင်သေးဟု စခန်းက ဆိုသည်။

ပြစ်မှုကျူးလွန်သူသည် ယခင်က ကျေးတောရွာမကျေးရွာ၌နေထိုင်ခဲ့သော်လည်း လက်ရှိတွင် နေရာအတည်တကျ နေထိုင်ခြင်းမရှိဟုလည်း သိ၇သည်။

သူသည် ယခုအချိန်တွင် ထွက်ပြေးလွတ်မြောက်နေပြီး သူ့အားစစ်တွေမြို့နယ် အမှတ် (၂) နယ်မြေခံ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.