ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် သေနတ်ပစ်ခံရ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး၊ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၂ / ၂ဝ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်မူဆလင်ကျေးရွာတွင် အမျိုးသားတစ်ဦးသေနတ်ပစ်ခံခဲ့ရ၍ ပွဲချင်းပြီးသေဆုံးသွားပြီး နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ ပန်းတောပြင်ကျေးရွာမှ ကျေးရွာအုပ်စုတာဝန်ခံ မူဟီးဘူရာမာန် (ခေါ်)ဦးတင်ရွှေ (၄၈ နှစ်)ဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသူတို့မှာ သေဆုံးသူ၏ညီဖြစ်သူ အဒူမူနက် (၃ဝ နှစ်ခန့်)နှင့် ဝမ်းကွဲညီဖြစ်သူ ရှားဘူလ် (၂၈ နှစ်ခန့်)တို့ဖြစ်ကြသည်။
၎င်းတို့သည် စက်တင်ဘာလ ၂ ရက် ပြီးခဲ့သည့်ညဥ့် ၁၂ နာရီခွဲခန့်က ပစ္စတိုသေနတ်များနှင့်အတူ ဓား၊ လှံလက်နက်များကိုင်ဆောင်ထားသည့် လူ ၇ ဦးပါဝင်သောအဖွဲ့တစ်ခု၏ ပြန်ပြေးဆွဲရန်ခေါ်ဆောင်ခြင်းကို မလိုက်လို၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာမှ ထိုအဖွဲ့က သေနတ်နှင့်ပစ်ခတ်ပြီး ဓားဖြင့်ခုတ်သွားခဲ့မှုကြောင့် ယခုကဲ့သို့သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်။
“သူတို့က ပြန်ပြေးဆွဲဖို့ခေါ်လာတဲ့ရည်ရွယ်ချက်ရှိမယ်။ ပိုက်ဆံရရင် ပြန်လွှတ်မယ်။ ဆိုတော့ ဒီက မလိုက်တော့ ပစ်သတ်ခဲ့တာ။ သူ့မှာ ညီနှစ်ယောက်လည်း ဒဏ်ရာရပြီးတော့ အခုဆေးရုံမှာပါ။ သေဆုံးသူမှာ ရွှေအကျပ် ၃ဝ လောက်ပါသွားတယ်လို့လည်း ပြောတယ်။”ဟု ပြောသည်။
သေဆုံးသွားသူတွင် ဘယ်ဘက်ရင်ဘတ်မှ သေနတ်ကျည်ဝင်ပြီး နောက်ကျောအလယ်မှ ဖောက်ထွက်သွားသည့်ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟုလည်း အမည်မဖော်လိုသူ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။
ဒဏ်ရာရရှိသွားသူနှစ်ဦးအနက် အဒူမူနက်တွင် ဦးခေါင်း၌ ဒဏ်ရာ ၁ဝ ချက်ခန့်၊ ညာဘက်ဒူးဆစ်၊ ဘယ်ဘက်ဒူးဆစ်နှင့် ဘယ်ဘက်လက်မောင်းတို့တွင် ဓားခုတ်ဒဏ်ရာအများအပြားရရှိသွားခဲ့ကြောင်း သိရသည်။
အလားတူ ရှားဘူလ်တွင် ဦးခေါင်းတွင် ၃ ချက်ချုပ်လိုက်ရသည်ဟုလည်း သိရသည်။
သူတို့နှစ်ဦးကို ညဥ့် ၂ နာရီခန့်က မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟုလည်း ဒဏ်ရာရသူများနှင့် အနီးကပ်ရှိနေသူတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည့်အဖွဲ့မှ လူ ၇ ဦးတွင် ၅ ဦးမှာ အသက် ၅ဝ ဝန်းကျင်ခန့်ရှိကြပြီး ကျန် ၂ ဦးမှာ လူလတ်ပိုင်းများဖြစ်သည်ဟု ရွာသားများက ပြောသည်။
၎င်းတို့သည် အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားကြပြီး လက်ရှိတွင် အခင်းဖြစ်ပွားသည့်ရွာအနီး နယ်ခြားစောင့်ရဲများက လုံခြုံရေးတင်းတင်းကျပ်ကျပ်ယူထားသည်ဟုလည်း ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ပန်းတောပြင်အုပ်ချုပ်ရေးမှူး ဦးအာယာတူလာကို နိရ ဉ္စရာက အကြိမ်ကြိမ်ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။
မောင်တောခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံကိုလည်း နိရ ဉ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်ကလည်း မောင်တောမြို့နယ် မကျည်းချောင်းနယ်မြေအုပ်စုရှိ ပဒင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှော်ဘီကိုလည်း ရွှေ ၄ဝ ကျပ်၊ ဆီ ၁ ဗူး၊ ဆန် ၁ အိတ်တို့နှင့်အတူ လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ သတင်းအစအနမရရှိသေးဟု သိရသည်။

ဆက်စပ် သတင်းများ