သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေမြို့ပေါ်ရှိ နေအိမ်တစ်အိမ်ကို သေနတ်ကိုင်ဆောင်ထားသူတစ်စုက ဓားပြတိုက်၊ ရွှေ ၇ ကျပ်ခွဲနှင့် ကျပ်သိန်း ၅ဝ ပါသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ယနေ့ ညဥ့်အချိန်က နေအိမ်တစ်အိမ်အား သေနတ်များကိုင်ဆောင်ထားသည့် လူ(၅)ဦးက ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။
ဓားပြတိုက်ခံရသည့်အိမ်မှာ စက်ရုံစုရပ်ကွက်ရှိ ဗိန္ဓောဆေးဆရာ ဦးလှကြာအောင်၏နေအိမ်ဖြစ်ပြီး ယနေ့ စက်တင်ဘာ ၇ ရက် ညဥ့် ၁ နာရီခန့်တွင် လူတစ်ဦးက သောက်ဆေးဝယ်ယူရန် တံခါးဖွင့်ခိုင်းပြီးနောက် သေနတ်များဖြင့် အုပ်စုလိုက် ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓားပြတိုက်ခံရသူ ဦးလှကြာအောင်က နိရဥ္စရာကို ပြောသည်။
“သူတို့က အားလုံး(၅) ယောက်ပါတယ်။ သေနတ်တွေနဲ့ပါ။ အိမ်ပေါ်ကိုတော့ (၃) ယောက်တက်လာတယ်။ သေနတ်တွေက အစစ်လို့ထင်ပါတယ်။ ဝင်လာတာနဲ့ကျွန်တော့်ကို မျက်နှာ လိုက်ဖုံးအုပ်ပစ်တယ်။ သေနတ်တွေနဲ့ထောက်ထားတယ်။ ကျွန်တော့်မိန်းမကိုလည်း ကြိုးတုပ်တယ်။ ကလေးနှစ်ယောက်က အိပ်နေပြီ။ ယောက်ခမဖြစ်သူကိုကြိုးတုပ်မယ်ဆိုလို့ ကျွန်တော်က မလုပ်ဖို့တားပါတယ်။ ကျွန်တော့်ကို သေနတ်ဒင်နဲ့ထုပစ်ပါတယ်။ ခေါင်းကွဲသွားပါတယ်။ အိတ်နဲ့ထည့်ထားတဲ့ငွေတွေနဲ့ အပေါင်ခံထားတဲ့ ရွှေထည်တွေပါသွားပါတယ်” ဟုပြောသည်။
ဓားပြတိုက်ခံရမှုကြောင့် ဆွဲကြိုး(၄)ကုံး၊ နားကပ်အရံ (၂၁)စုံနှင့် လက်စွပ် (၈)ကွင်း၊ စုစုပေါင်း ရွှေ (၇)ကျပ်ခွဲနှင့် ကျပ်သိန်း (၅ဝ)လည်း ပါသွားကြောင်း သိရသည်။
ဦးလှကြာအောင်တို့တွင် ငွေ သိန်း(၁ဝဝ) လက်ဝယ်ရှိသည်ကိုသိရှိထားသဖြင့် ယခုကဲ့သို့လာရောက်ကြခြင်းဖြစ်သည်ဟု ဓားပြများက ပြောဆိုကြောင်းလည်း ဦးလှကြာအောင်က ပြောသည်။
“ကျွန်တော့်ကို မလိမ်နဲ့တဲ့။ ပိုက်ဆံသိန်း (၁ဝဝ)ရှိတယ်လို့ ကြားထားတယ်တဲ့။ အဲလိုပြောတယ်။ မင်းတို့အိမ်ရာတွေ အများကြီးဝယ်ထားတယ်လို့ကြားတယ်။ ကျွန်တော်ကလည်း ကျွန်တော့ဆရာမကို သိန်း(၅ဝ)ပေးလိုက်ရတဲ့အတွက် ဒီလောက်ပဲရှိတယ်။ မလိမ်ဘူးလို့။ မျက်နှာတွေက နှာခေါင်းစည်းတွေတပ်ထားတယ်။ ကျွန်တော့်ကို မျက်နှာဖုံးထားတော့ မမြင်ရပေမဲ့ ကျွန်တော့်မိန်းမပြောတာက ကျွန်တော့်အရွယ် ၄၃ နှစ်အရွယ်တစ်ယောက်ပါတယ်ပြောတယ်” ဟု ဆက်ပြောသည်။
ဓားပြများက စကားတိုးတိုးပြောရန်ပြောဆိုသဖြင့် အိမ်နီးနားချင်းများအား အကူအညီတောင်းရန် မရခဲ့ဟု ဆိုသည်။
ဓားပြတိုက်ခံရသူတို့မိသားစုသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် နှမဒါကျေးရွာမှ လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ်တွင် စစ်တွေမြို့သို့ပြောင်းရွှေ့နေထိုင်နေကြခြင်းဖြစ်သည်ဟု သိရသည်။
ဦးလှကြာအောင်၏ဇနီးသည် ရပ်ကွက်တွင် ရွှေ၊ ငွေ၊ ပစ္စည်းများအပေါင်ခံပြီး အိမ်၊ ခြံ၊ မြေအချို့လည်း ဝယ်ယူထားမှုများရှိကြောင်း၊ ဓားပြတိုက်ရာတွင် အဆိုပါ အိမ်ခြံမြေစာရွက်စာတမ်းများကိုလည်း ယူဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။
စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းဦးက “ ကျွန်တော်တို့ဆီကို အကြောင်းကြားမလာပါဘူး။ ပြောသံတော့ကြားတယ်။ အဲဒီဘက်ခြမ်းက ကျူးကျော်မြေနေရာတွေမှာ အိမ်ဆောက်နေကြတဲ့လူတွေပါ။ အခုဖြစ်တာကို အတိအကျမသိရသေးပါဘူး။ တိုင်ချက်တွေလည်း လာမဖွင့်ဘူး။ အဲဒီနေရာမှာ အိမ်နှစ်ရာကျော်လောက်ရှိမယ်” ဟု နိရဥ္စရာကို ပြောသည်။
ဓားပြတိုက်ခံရသူဦးလှကြာအောင်ကမူ ရာအိမ်မှူးဆိုသည့် ကျောင်းဆရာကို တိုင်ထားထားပြီဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်ရာအိမ်မှူးနှင့် စစ်တွေမြို့အမှတ်(၂) နယ်မြေရဲစခန်းအား ဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။


ဆက်စပ် သတင်းများ