မြောက်ဦးတွင် ရဟန်းတော်တစ်ပါးကို ဓားဒဏ်ရာများဖြင့် ပျံလွန်၍တွေ့ရှိ


အေးမြတ်ခိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၁

မြောက်ဦးမြို့တွင် ရဟန်းတော်တစ်ပါးကို ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူသည့် ရဟန်းမှာ ယခင်ရွာဟောင်းတောကျောင်းတွင် သီတင်းသုံးခဲ့သည့် ဦးအာစာရဖြစ်ပြီး သက်တော် ၄၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ရဟန်းတော်၏ အလောင်းကို ဓားဒဏ်ရာများနှင့်အတူ မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်၊ လေးမျက်နှာဘုရားမြောက်ဘက်ရှိ မုတ်ဆိတ်တောင်စေတီသို့သွားလမ်းတွင်  အောက်တိုဘာလ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်၌တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ညောင်ပင်စျေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသာထွန်းက ပြောသည်။

" ကလေးတွေတွေ့လို့လာ အကြောင်းကြားတာပါ။ ကျွန်တော်တို့တွေ့တော့ ဓားဒဏ်ရာတွေနဲ့ ဆုံးနေပါပြီ။ ဆုံးတဲ့နေရာက လူပြတ်တဲ့တောလမ်းဆိုတော့ ဘယ်သူမှလည်း အတိအကျမပြောနိုင်ကြဘူး။ အလောင်းကိုကြည့်ရသလောက်တော့ ရက်မကြာသေးဘူး"ဟုပြောသည်။

မြောက်ဦးမြို့နယ်ရဲစခန်းမှ စခန်းမှူးက အလောင်းတွင် ဓားဒဏ်ရာ ၅ ချက်ခန့်တွေ့ရပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း နိရဥ္စရာကို ပြောသည်။

"ဖြစ်ပြီးတဲ့အချိန်တော်တော်ကြာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့ဆီကအဖွဲ့တွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဗိုက်နဲ့ ရင်ဘက်တွေမှာ ဓားဒဏ်ရာ ၅ ချက်လောက်ရှိပါတယ်"ဟု ပြောသည်။

လတ်တလောတွင် ဆရာတော်ဓားထိုးခံရသည့်အကြောင်းရင်းနှင့် တရားခံအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ရဟန်းတော်၏ ရုပ်ကလပ်ကို မြောက်ဦးဆေးရုံရှိ ရေခဲတိုက်တွင်ထားပြီး အောက်တိုဘာလ ၁၁ ရက်တွင် သင်္ဂြိုလ်လိုက်သည်ဟု သိရသည်။

 

Share: