ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

နှင်းနွယ်နီ
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောင်ချောင်းကျေးရွာတွင် ယမန်နေ့ညနေက မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မြောင်ချောင်းကျေးရွာနေ ဒေါ်မဲစိန်(၅၆ နှစ်)ဖြစ်သည်။
သူမသည် ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် ညနေ ၆ နာရီခန့်က သားသမီး နှစ်ဦးနှင့်အတူ အိမ်အောက်တွင် ထိုင်နေချိန် အိမ်နောက်ဖေးသို့အပေါ့သွားရန်ထသွားစဉ် မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မောင်တော်စပ်သူ ဦးသိန်းကျော်မြက နိရဥ္စရာကို ပြောသည်။
“နဖူးမှာ မီးလောင်သွားသလို အဝိုင်းဝိုင်းဖြစ်သွားတယ်။ မျက်ခုံးစိပ်သွားတဲ့ဒဏ်ရာ၊ ရင်ညွန့်၊ နို့အုံကြားမှာ မီးလောင်သလိုဖြစ်သွားတယ်။ အသည်းဘက် နံရိုးနားမှာလည်း ညိုမဲပြီးတော့ ဖြစ်နေတယ်၊ ဝမ်းဗိုက်ဘေးမှာလည်း ပေါက်သွားတယ်” ဟု ပြောသည်။
မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ၏အိမ်တွင်ခင်းထားသည့် ပျဉ်ချပ်များလည်း ကွဲအက်သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့သမီးဆီမှာတော့ မီးပွားတွေ စဉ်လာတာရှိတယ်။ မိုးကြိုးကြောင့် ထိခိုက်ဒဏ်ရာတော့မရှိဘူး။ အိမ်မှာထိလိုု့ အပေါ်က ပျဉ်စတွေကျလာတာတော့ရှိတယ်” ဟုပြောသည်။
သေဆုံးသူကို မြောင်ချောင်းသုဿာန်တွင် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့က မိုးကြိုးပစ်မှုကြောင့် မင်းပြားမြို့နယ် အိုင်ဝန်းကျေးရွာမှ အိမ်တစ်အိမ်တွင်လည်း လျှပ်စစ်စက်ကွင်းမိ၍ တီဗွီ ၂ လုံးနှင့် ဖုန်းတစ်လုံးပျက်စီးသွားခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်ကလည်း သံတွဲမြို့မှ ဝါးရောင်း၍ ပြန်လာသည့် သံတွဲမြို့နယ် ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မိသားစုဝင် ၄ ဦးစီးလာသည့် စက်လှေသည် သံတွဲချောင်းအတိုင်းမောင်းနှင်လာစဉ် ကျောင်းတောင်ကျေးရွာအနီးတွင် မိုးကြိုးပစ်ခံ၍ သားမိသားဖ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားခဲ့သေးသည်။
အလားတူ အောက်တိုဘာလ ၂ ရက်ကလည်း မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာတွင် အသက် ၆ဝ ကျော်အမျိုးသားတစ်ဦးသေဆုံးပြီး မင်းပြားမြို့နယ်၊ မင်းရွာကျေးရွာမှ ၃၉ နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းနေ့အရုဏ်တက်ချိန် ၄ နာရီတွင်လည်း မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်မှ သမိုင်းဝင် ဟရီတောင်စေတီတော်လည်း မိုးကြိုးထိမှန်၍ စေတီတော်အထက်ပိုင်းတွင် ၄ဝ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် အနောက်တောင်မုတ်သုံလေသည် အောက်တိုဘာလ ပထမပတ်မှစတင်ကာ ရခိုင်ပြည်နယ်မှ ပြန်လည်ဆုတ်ခွာနေပြီဖြစ်သည့်အတွက် မိုးတိမ်တောင်အန္တရာယ်ကို အထူးဂရုပြုရန်ကြရန်လိုသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက သတိပေးထားသည်။
မိုးတိမ်တောင်များဖြစ်ပေါ်ပါက လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက်၍ မိုးသည်းထန်စွာရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပွားနိုင်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ