ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် ၇ တန်းကျောင်းသားတစ်ဦး မိုးကြိုးပစ်ခံရ၍ ထပ်မံသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၆/၂ဝ၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးကြိုးပစ်ခံရ၍ ၇ တန်းအရွယ်ကျောင်းသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် (၇)တန်းကျောင်းသား မောင်တင်စိုးမင်းဖြစ်ကြောင်း သိရသည်။
သူသည် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကျေးရွာအနီး လယ်ကွင်းတွင် ငါးရှာရန်သွားစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးကျန်စိန်အောင်က နိရဥ္စရာကိုပြောသည်။
"ပစ်တာကတော့ ၄ နာရီလောက်ကပါ။ သိတာတော့ ၇ နာရီခွဲ ၈ နာရီလောက်မှ သိရပါတယ်"ဟု ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းအား ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် သင်္ဂြိုလ်မည်ဟု သိရသည်။
ရခိုင်တွင် အောက်တိုဘာလ ၂ ရက်မှ ၁၅ ရက်အထိ မိုးကြိုးပစ်မှုဖြစ်စဉ်များအတွင်း သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးရှိသွားပြီဖြစ်သည်။
မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူများမှာ ကျောက်တော်မြို့နယ်၊ ပေါက်တောကျေးရွာမှ ၁ ဦး၊ ခေါင်းတုတ်ကျေးရွာမှ ၁ ဦး၊ သံတွဲမြို့နယ် ရွာရှည်ကျေးရွာမှ သားမိသားဖ ၃ ဦး၊ မင်းပြားမြို့နယ် မြောင်ချောင်းကျေးရွာမှ ၁ ဦးနှင့် ကြိမ်ချောင်းကျေးရွာမှ ၁ ဦး၊ စုစုပေါင်း ၇ ဦးဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ် မင်းရွာကျေးရွာမှ ၁ ဦးနှင့် သံတွဲမြို့နယ် ရွာရှည်ကျေးရွာမှ ၁ ဦးတို့ဖြစ်သည်။
ပြည်သူများအနေဖြင့် လျှပ်စီးလက်နေချိန်တွင် TV ဖွင့်ခြင်း၊ အင်တာနက်သုံးခြင်းများ၊ Wifi စက်များဖွင့်ထားခြင်း၊ ဖုန်းပြောခြင်းများ၊ လယ်ယာစိုက်ခင်းနှင့် ကွင်းပြင်နေရာများသို့သွားလာခြင်းများကို အထူးသတိထားရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။
ဓာတ်ပုံ-ငယ်ငယ်

ဆက်စပ် သတင်းများ