သျှင်မင်းဇံ
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၁
ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာ နေအိမ်မီးလောင်ရာမှ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြသည့် သားဖနှစ်ဦးကို စစ်တွေဆေးရုံကြီးထိပို့ဆောင်ကုသခဲ့သော်လည်း သားဖြစ်သူမှာ ပထမသေဆုံးပြီး နောက်တစ်နေ့တွင် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံးသွားခဲ့သည်ဟုသတင်းရရှိသည်။
သားဖြစ်သူ ဦးထွန်းထွန်းမြင့် (၃၂ နှစ်) အောက်တိုဘာ ၂၂ ရက် ညနေ ၆ နာရီခန့်က မီးလောင်ဒဏ်ရာဖြင့် သေဆုံးသွားခဲပြီးနောက်တစ်နေ့ အောက်တိုဘာ ၂၃ ရက်နေ့ နံနက် အစောကြီး ၃ နာရီခန့်တွင် ဖခင်ဖြစ်သူ ဦးမောင်သိန်းနု (၅၅ နှစ်) သေဆုံးသွားခဲ့သည်ဟု ဦးမောင်သိန်းနု၏တူမဖြစ်သူက နိရဥ္စရာသို့ ပြောသည်။
“သားဖြစ်သူက အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ဆုံးသွားတယ်။ ဦးလေးကလည်း အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ ထပ်ဆုံးသွားခဲ့ပါတယ် ” ဟု သူမက ပြောသည်။
လက်ရှိတွင် သေဆုံးသွားသည့် သားအဖနှစ်ဦး၏ ရုပ်အလောင်းအားအောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်က စစ်တွေသုသာန်၌ သင်္ဂြိုလ်လိုက်ပြီဟုမိသားစုဝင်များက ပြောသည်။
အောက်တိုဘာလ ၂၀ ရက် ညနေ ၉ နာရီခန့်က ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာနေဦးမောင်သိန်းနု နေအိမ်တွင် ဝက်စာချက်နေစဉ် သားဖြစ်သူ ဦးထွန်းထွန်းမြင့်က ဟွန်ဒါစက်လှေတွင်အသုံးပြုမည့် ဓာတ်ဆီဗူးအား မတော်တဆခလုတ်တိုက်မိရာက မီးဖိုသို့စဉ်သွားရာမှ မီးစတင်လောင်ပြီး ၎င်းတို့၏ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာ နေအိမ်တစ်လုံးကို မီးလောင်ကျွမ်းသွားခဲ့သည်။
၎င်းမီးသည် အနီးအနားရှိ တစ်ခြံတည်းနေ သမီးဖြစ်သူ၏ သွပ်မိုး၊ ပျဉ်ခင်း၊ ဝါးထရံကာနေအိမ်အား ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးကြောင့် ဦးမောင်သိန်းနုနှင့် သားဖြစ်သူ ဦးထွန်းမြင့် အအါအဝင် မိသားစု၆ ဦး မီးလောင်ဒဏ်ရာ အသီးသီး ရရှိသွားခဲ့သည်ဟု သိ၇သည်။
မီးလောင်ဒဏ်ရာရရှိခဲ့သူ ၆ဦးစလုံးအား ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့၇ပြီး ၎င်းတို့အထဲမှ ဦးထွန်းထွန်းမြင့်တို့သားဖနှစ်ဦးကို ဒဏ်ရာပြင်းထန်ပြီး ရသေ့တောင်မှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့၇ပြီးဆေးကုသနေစဉ် သားဖနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။
ကျန် မိသားစု ဝင်၄ ဦးအား ရသေ့တောင်ဆေးရုံတွင် ဆက်လက်ကုသခဲ့၇ပြီး တစ်ဦးမှာ ဒဏ်ရာသက်သာ၍ ကျေးရွာသို့ပြန်သွားပြီ ကျန်၃ ဦးမှာ ဆက်လက် ကုသနေ၇ဆဲဟု သိ၇သည်။
နေအိမ် ၂ လုံးမီးလောင်ခဲ့မှုကြောင့် အိမ်တန်ဖိုး ကျပ်သိန်းပေါင်း၁၀၀ ကျော်ခန့်ဆုံးရှုံးသွားပြီး စုဆောင်းထားသည့် ငွေ ကျပ်သိန်း ၁၀၀ သည်လည်း မီးထဲပါသွားခဲ့ကြောင်းဦးမောင်သိန်းနု၏ညီ ဦးကျော်စိန်မောင်က ပြောသည်။
(ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)