ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မောင်တောထွေအုပ်ဝန်ထမ်းအသတ်ခံရမှု ကျူးလွန်သူ ၅ ဦးအနက် နောက်ထပ် ၁ ဦးအား ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.1k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ထွေအုပ်ဝန်ထမ်းအသတ်ခံရမှုတွင် ကျူးလွန်သူ ၅ ဦးအနက် နောက်ထပ် ၁ ဦးအား ဖမ်းဆီးရမိကြောင်း မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက နိရဥ္စရာကို အတည်ပြုပြောသည်။
နောက်ထပ်ဖမ်းမိသူမှာ မောင်တောမြို့၊ ရပ်ကွက် (၂) ဗိုလ်မှူးကျေးရွာမှ ယာဆာအာရ်ဖတ်(၁၅ နှစ်)ဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် ၄င်း၏နေအိမ်အတွင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါလူသတ်မှုဖြစ်စဉ်ကိုကျူးလွန်ခဲ့သည့် မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက် ဖေဇီကျေးရွာမှ နော်ဘီဟူးဆောင်း(၁၄ နှစ်)ကိုလည်း ဒီဇင်ဘာ ၂၃ ရက်တွင် ဖမ်းမိထားပြီဟု သိရသည်။
အဆိုပါဖြစ်စဉ်ကို ကျူးလွန်သူ စုစုပေါင်း ၅ ဦးရှိပြီး နောက်ထပ် ၃ ဦး ထွက်ပြေးလွတ်မြောက်နေသေးသည်ဟု မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက ပြောသည်။
“ငါးယောက်ထဲက နှစ်ယောက်ကို ဖမ်းမိပြီ။ ကျန်တဲ့သူတွေကို စုံစမ်းဖော်ထုတ်နေတယ်”ဟုု ပြောသည်။
ထွက်ပြေးလွတ်မြောက်နေသူများမှာ ဖေဇီကျေးရွာမှ အီစမိုင်ဆိုသူနှင့် အခြားတစ်ရွာမှ နောက်ထပ် ၂ ဦးတို့ဖြစ်သည်ဟု သိရသည်။
မောင်တောမြို့နယ်၊ မြင်းလွတ်ထွေ/အုပ်ဝန်ထမ်း ကိုဆန်းဌေးနိုင်(၂၆)နှစ်သည် ဒီဇင်ဘာ ၂၂ ရက် ညဉ့် ၁၂ နာရီခန့်တွင် မောင်တောမြို့ စက်လှေဆိပ်အနီးတွင် လည်ပင်းပြတ်ရှဒဏ်ရာများနှင့် မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။
သေဆုံးသူသည် ပြစ်မှုကျူးလွန်သူများနှင့် ရန်ငြိုးရန်စလည်း တစ်စုံတစ်ရာ မရှိသည့်အတွက် ပြစ်မှုကျူးလွန်သူများကိုလည်း ထိထိရောက်ရောက်အရေးယူစေချင်သည်ဟု သေဆုံးသူ၏ဇနီးဖြစ်သူ မသန္တာစိုးက ပြောသည်။
“ကျမယောက်ျားဆုံံးသလို ဖြစ်နိုင်ရင် သူတို့ကို သေဒဏ်ကျစေချင်တယ်။ သမီးလေးလည်းကျန်ခဲ့တယ်။ ကျမ ပြောမပြတတ်အောင်ခံစားရပါတယ်”ဟု ပြောသည်။
သေဆုံးသူသည် ဖေဇီရွာမှ အီစမိုင်ထံမှ ရရန်ရှိသော အကြွေးများအားသွားတောင်းရာ စကားများကြရာမှ အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ