ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့တွင် အသက်နှစ်ဆယ်ကျော်အရွယ် ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5k

ဖိုးသောကြာ
နိရဥ္စရာ၊ ဇန်နဝါရီီ ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ကျောက်ဆိပ်ကျေးရွာနှင့် ခမီကြိမ်ချောင်းဆည် တောင်ကြားလမ်းတွင် အသက် ၂ဝ ကျော်အရွယ် ပုပ်ပွနေသည့် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက်တွင် တောင်ယာလုပ်ကိုင်သူများက မှောက်လျက်အနေအထားဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တောင်ယာလုပ်ကိုင်နေသူတစ်ဦးက "သေနေတာ တစ်ပတ်လောက် ကြာပြီထင်တယ်။ မနက်ပိုင်း တောထဲဝင်တော့ အနံ့ရလို့ သွားကြည့်တော့မှ တွေ့တာဖြစ်ပါတယ်။ အခုထိ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူး။ အနီးအနားပတ်ဝန်းကျင်ရွာတွေကို မေးမြန်းစုံစမ်းကြည့်ပေမဲ့ ပျောက်ဆုံးသူမရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။
သေဆုံးနေသည့်အမျိုးသမီးတွင် ထိခိုက်ဒဏ်ရာများလည်း မတွေ့ရသလို သေဆုံးရသည့်အကြောင်းအရင်းကိုလည်း မသိရသေးဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါအလောင်းကို ပြည်သူ့အာဏာပိုင်အဖွဲ့က တွေ့ရှိသည့်နေရာအနီး သင်္ဂြိုလ်ရန် စီစဉ်နေကြောင်း သိရသည်။
ရပ်နီးရပ်ဝေးမှ ပျော်ပွဲစား အပန်းဖြေသူများအနေဖြင့် အားလပ်ရက်များတွင် ကျောက်ဆိပ်တောင်ကြားလမ်းမှ ခမီကြိမ်ချောင်းဆည်သို့ ထမင်းချက်ကြရန် ဆိုင်ကယ်များ၊ ကားများဖြင့် သွားလာလေ့ရှိတတ်ကြကြောင်း ဒေသခံများမှ သိရသည်။
ဓာတ်ပုံ - ဖိုးသောကြာ /နိရ ဉ္စရာ

ဆက်စပ် သတင်းများ