Preview

မြောက်ဦးတွင် မူးယစ်ရမ်းကားသူတို့က ဓားဖြင့်ခုတ်၍ ရွာတာဝန်ရှိသူ ၃ ဦး ဒဏ်ရာရ

မတ် ၀၅/ ၂၀၂၂ | ကြည့်ရှုသူ :594
မှုခင်း သတင်း
ပိုးဝါ
နိရဥ္စရာ၊ မတ် ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုပ်ရွာမ(မူဆလင်)ကျေးရွာတွင် အရက်သေစာသောက်စားမူးယစ်သူတို့က ဓားဖြင့်ခုတ်၍ ရွာတာဝန်ရှိသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
အဆိုပါကျေးရွာအတွင်း မတ်လ ၃ ရက် ည ၈ နာရီခန့်က အရက်သေစာသောက်စားမူးယစ်ကာ သောင်းကျန်းဆဲဆိုနေသည့် ရွာသား ရ ဦးကို ရွာ၏ရာအိမ်မှူးဖြစ်သူ ဦးနော်ဂျုန်နှင့်အတူ ဦးကာလာနှင့် ဦးလှမောင်တို့က သွားရောက်ဟန့်တားရာမှ မူးယစ်ရမ်းကားနေသူတို့၏ ဓားဖြင့်ခုတ်ခြင်းကိုခံခဲ့ရသလို ရာအိမ်မှူးသည်လည်း လေးဂွဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိ၇သည်။
ရာအိမ်မှူးဦးနော်ဂျုန်က “ပြင်ကသောက်လာကြပြီးတော့ ရွာကိုဝင်လာပြီး ရွာသားတွေကို ဆဲတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ ဘာညာပေါ့။ အဲ့ဒါကို စေတနာနဲ့ သွားဟန့်ကြလို့ ၂ ဦးလုံးကို ခုတ်တယ်”ဟု နိရဥ္စရာကို ပြောသည်။
ဓားခုတ်ခံရသူများမှာ ရာအိမ်မှူး၏သမက် ဦးကာလာ (၄၅)နှစ်နှင့် အစ်ကိုဖြစ်သူဦးလှမောင် (၅၅)နှစ်တို့ဖြစ်သည်။
ဓားခုတ်ခံရမှုကြောင့် ဦးကာလာ၏ဦးခေါင်းတွင် ဓားဒဏ်ရာရရှိခဲ့ပြီး ပုခုံးရိုးကျိုးသွားခဲ့ကာ ဦးလှမောင်၏ ဦးခေါင်းနှင့် လည်ပင်း၌ ဓားဒဏ်ရာရရှိခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးကို မြောင်းဘွေတိုက်နယ်ဆေးရုံတွင် တင်ထားကြောင်း သိ၇သည်။
ရာအိမ်မှူးဦးနော်ဂျုန်သည်လည်း လေးဂွဖြင့်ပစ်ခတ်ခံရမှုကြောင့် နှာခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။
ပေါင်းတုပ်ရွာမတာဝန်ခံ ဦးချောင်ရှုက “အရင်ကတော့ ရွာမှာ ဒီလိုမျိုးဖြစ်တာ မရှိဘူး။ မြောင်းဘွေရဲစခန်းမှာတော့ ညက အခုတ်ခံရတဲ့လူတွေကို စစ်ဆေးတယ်လို့ သိ၇တယ်”ဟု ပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် ဦးဟိုဆောင်(၄၀) နှစ်နှင့် ဦးမော်ဆီဒူလာ (၄၈)နှစ်တို့အပါအဝင် ရ ဦးတို့သည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး ၄င်းတို့ကို မြောင်းဘွေရဲစခန်းတွင် တိုင်ကြားထားသည်ဟု သိ၇သည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး လူဦးရေ ၆ ထောင်ခန့်ရှိသည်ဟု သိ၇သည်။
---------------------
#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.