သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် မူဆလင်တံငါသည် အသတ်ခံရမှု မသင်္ကာသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 296

ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၆/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ငါးစားကြူးမူဆလင်ကျေးရွာမှ တံငါသည်တစ်ဦးကို အုပ်စုဖွဲ့လည်လှီးသတ်ဖြတ်ခဲ့မှုတွင်ပါဝင်သည့် မသင်္ကာသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူမှာ ဘူးသီးတောင်မြို့နယ်ဇာတိ နူအာလောင်(၄ဝ)နှစ်ဖြစ်ပြီး သူ့ကို မတ်လ ၁၄ ရက်တွင် ဘူးသီးတောင်ရဲတပ်ဖွဲ့ကဖမ်းဆီးကာ မောင်တောမြို့နယ် ငခူရနယ်ခြားစောင့်ရဲစခန်းသို့လွှဲပြောင်း စစ်ဆေးနေခြင်းဖြစ်သည်ဟု ငါးစားကြူးကျေးရွာတာဝန်ခံက နိရဥ္စရာအားပြောသည်။
သေဆုံးသွားသူမှာ ငါးစားကြူးကျေးရွာမှ တံငါသည် မာမတ်ဟာဆိန်း(၄၃)နှစ်ဖြစ်ပြီး မတ်လ ၁၃ ရက်တွင် နူအာလောင်နှင့်အတူ ကြိမ်ချောင်းစျေးမှ ဆိုင်ကယ်ဖြင့်အပြန် လူ ၃ ဦးက တားပြီး မာမတ်ဟာဆိန်းကို ဖမ်းဆီးရာ မိမိမှာထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု နူအာလောင်ကထွက်ဆိုကြောင်း ငါးစားကြူးကျေးရွာတာဝန်ခံက ပြောသည်။
“နူအာလောင်ပြောတာက သူသတ်တာမဟုတ်ဘဲ လူသုံးယောက် နာမည်တွေ ပြောပါတယ်။ အဲဒီလူတွေကို ရှာမတွေ့သေးဘူး။ အဲဒီထဲမှာ ကျနော်တို့ ငါးစားကြူးရွာသားနှစ်ယောက်ပါတယ်။ နောက်တစ်ယောက်နာမည်က ရွာမှာမရှိတဲ့နာမည်ဖြစ်နေတယ်။ ငါးပိုက်ချတဲ့နေရာလုပြီး ပြဿနာဖြစ်ကြတယ်လို့ ပြောတယ်” ဟုပြောသည်။
သေဆုံးသူကို ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူများတွင် ငါးစားကြူးကျေးရွာမှ ယာဆိန်အာရဖက်(၂၅)နှင့် အသက် (၂ဝ) ကျော်အရွယ် ဟာမိဒူလာနှင့် နောက်ထပ်အမည်မသိသူတစ်ဦးတို့ဖြစ်သည်ဟု နူအာလောင်က ထွက်ဆိုကြောင်း သိရသည်။
လက်ရှိတွင် ၄င်းတို့ ၃ ဦးသည် ထွက်ပြေးလွတ်မြောက်နေသည်ဟုလည်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ငါးခူရနယ်ခြားစောင့်ရဲစခန်းတာဝန်ကျအရာရှိအား နိရ ဉ္စရာက ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ အမှုဖွင့်ထားပါတယ်ဗျ။ အမှုဖွင့်ဆောင်ရွက်နေပါတယ်” ဟုပြောဆိုပြီး ထပ်မံဖြေဆိုလိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
သေဆုံးသူကို လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ညာဘက်လက်ဖျံပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို ငါးစားကြူးကျေးရွာအဝင် တံတားအောက်၌ အခင်းဖြစ်ပွားသည့်နေ့ ညနေ ၄ နာရီခွဲခန့်တွင် တွေ့ရှိခဲ့ကြောင်း အလောင်းအား မောင်တောဆေးရုံသို့သွားရောက်သယ်ဆောင်ခဲ့သည့် မောင်တောမြို့ကရုဏာကွန်ရက်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ပြောသည်။
သေဆုံးသူ၏အလောင်းအနီး၌ သွေးများပေကျံနေသော ဓားရိုးမပါ ဓားဦးချွန် ၁ ချောင်းအားတွေ့ရှိခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည့် မာမတ်ဟာဆိန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ