ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အငူမော်-မောင်တောကားလမ်းတွင် ခရီးသည်တင်ယာဥ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သောင်းကျော်နှင့် ဆက်စပ်သူ ၄ ဦးကိုဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ ဧပြီ ၂၃ /၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရေချမ်းပြင် တဖက်ကမ်း အငူမော်-မောင်တော ကားလမ်းပေါ်တွင် ခရီးသည်တင်ယာဥ်တစ်စီးပေါ်မှ လိမ္မော်ရောင်စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀၀ပြားနှင့် အတူ အနည်းဆုံး လူ ၄ ဦးဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။
ယမန်နေ့ ဧပြီ ၂၂ ရက်နေ့က ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောသို့မောင်းနှင်လာသော ခရီးသည်တင်ကားတစ်စီးကို မောင်တောမြို့နယ် အင်းဒင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာမှ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀၀ ပြားကို လူနှစ်ဦးနှင့်အတူဖမ်းမိခဲ့သည်ဟု အင်းဒင်စခန်းမှ ရဲအုပ်အေးမင်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" ဒီလူတွေနဲ့ ဆေးပြားတွေကို ရသေ့တောင်ဘက်ကနေမောင်တောကိုလာတဲ့ကားပေါ်မှာဖမ်းမိတာ။ လိမ္မော်ရောင်စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀၀ပြား၊ ခန့်မှန်း ကာလတန်ဖိုး ကျပ် ၈၇၇၅၀၀၀၀ ဖိုးခန့် တန်ဖိုးရှိပါတယ်။ သူတို့ကို အမှုဖွင့်ဆောင်ရွက်သွားဖို့ရှိတယ်"ဟုပြောသည်။
၄င်းတို့ နှစ်ဦးသည် သူတို့ယူဆောင်လာသည့် ခရီးဆောင်အိတ်အတွင်းတွင် ၎င်းဆေးပြားများကို သိုဝှက်ယူဆောင်လာရာမှ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ၎င်းဆေးပြားများကို အိတ်အတွင်းရှိ အပြာရောင်ကပ်ခွာအိတ်အတွင်းထည့်ထားသော အညိုရောင် ဆီစိမ်စက္ကူဖြင့် ထုတ်ပိုးထားသော အထုတ် ၆ ထုတ်အတွင်းမှ ဆေးပြားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ်အေးမင်းက ပြောသည်။
ဖမ်းဆီးရမိသောသူများမှာ ပုဏ္ဍားကျွန်းမြို့နေ ဇော်၀င်း (၄၃) နှင့် မောင်မောင်ထွန်း (၃၇) တို့ဖြစ်ကြသည်ဟု မှုခင်း သတင်းများကို ဖော်ပြသည့် CCDAC ၌ သတင်းဖော်ပြသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ခဲ့ရာ ၎င်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ အား လက်ခံမည့်သူ မာမောက်အီစ္စလာမ် နှင့် အာယုအာလီ တို့အား ရွှေဇားကျေးရွာနှင့် စေတီပြင်ကျေးရွာသွား လမ်းဆုံတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဧပြီလ ၂၂ ရက် ည ၆ နာရီခွဲခန့်ကလည်း ၎င် မောင်တောမြို့ မောင်နီ ရပ်ကွက်တွင် နေအိမ်တစ်လုံးအား ဝင်ရောင်စစ်ဆေးရာမှ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေး၂၄၆၀ပြား ကာလတန်ဖိုး ကျပ် ၃၆၉၀၀၀၀ တန်ဖိုးရှိသော စိတ်ကြွဆေးပြားများနှင့် အတူ လူ ၃ ဦးကို မောင်တောရဲစခန်းက ထပ်မံ ဖမ်းဆီးရမိသည်ဟု ၎င်းက ပြောသည်။
၎င်းတို့ ကို စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားသည်ဟု ဒုရဲအုပ်အေးမင်းက ဆက်ပြောသည်။
အလားတူ ဧပြီလ ၂၁ ရက်နေ့ ည ၆ နာရီ အချိန်ကလည်း လုံခြုံရေး တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ အဒူမူနာ့ဖ် နှင့် မာမတ်အာယာ့စ် တို့အားစစ်ဆေးရာ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(အလယ်) ကျေးရွာရှိ လူမနေသည့်နေအိမ်တဲအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများအား သိုဝှက်ထားကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သွားရောက် စစ်ဆေးရာ အဆိုပါတဲရှိ မြေကြီးအတွင်းမှ ၎င်းတို့ ၂ ဦး သိုဝှက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ပြား(ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၇၆၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
မောင်တောနယ်စပ်တွင်အများဆုံးဖမ်းမိသောမူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ၊WW/Rစာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်(မက်သ်အဖက်တမင်း)၊ ဗျူးပရီနော်ဖင်းထိုးဆေးပုလင်းများ၊ ဆေးခြောက်၊ အယ်ပရာဇိုလမ် ဆေးပြားများ၊ မော်ဖင်းထိုးဆေးများနှင့် ဖန်ဆီဒိုင်းပုလင်းများဖြစ်ကြသည်။
( Photo by CCDAC)

ဆက်စပ် သတင်းများ