စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်တွင် အသက်၂၀ကျော်အရွယ်ဇနီးမောင်နှံနှစ်ဦး ကြိုးဆွဲချသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

နိရဉ္စရာ၊ မေ၂၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ ကန်ပြင်ကျေးရွာမှ အသက် ၂၀ကျော် အရွယ်ရှိသည့် လူငယ် ဇနီးမောင်နှံနှစ်ဦးသည် ယနေ့မေလ ၂၄ရက်နေ့တွင် တစ်ပြိုင်နက်တည်းကြိုးဆွဲချသေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသည့် ဇနီးမောင်နှံနှစ်ဦးမှာ အသက် (၂၁)အရွယ်ရှိသည့် ကိုထွန်းအေးကျော်နှင့် အသက် (၁၈)နှစ်သာရှိသေးသည့် မယုယုလိုင်တို့ ဖြစ်ကြပြီး ကြိုးဆွဲချပြီးသေဆုံးသွားရသည့် အကြောင်းကို မသိရသေးဟု ကန်ပြင်ကျေးရွာသူတစ်ဦးက ပြောသည်။
"သူတို့နှစ်ယောက် အိမ်ထဲမှာဆွဲကြိုးချသေနေတာကို မနက် ၆နာရီ ကျော်လောက်မှသိကြတာ။ ဘာဖြစ်လို့သေသွားလည်းဆိုတာကို တစ်ယောက်မှ မသိကြပါဘူး။သူတို့လင်မယားက ရတာလည်း မကြာသေးဘူး။အရမ်းနှမျှောဖို့ ကောင်းပါတယ်" ဟုဆိုသည်။
ယင်းအပြင်သေဆုံးသူနှစ်ဦးမှာ ထိုင်းနိုင်ငံတွင်အိမ်ထောင်ကျ၍ ပြန်လာခဲ့ကာ ခင်ပွန်းဖြစ်သူ၏ မွေးရပ်မြေဖြစ်သည့် ကန်ပြင်ကျေးရွာ၌ အခြေချ နေထိုင်နေကြသူနှစ်ဦးဖြစ်သည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါဇနီးမောင်နှံနှစ်ဦး၏ ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး၏ ရင်ခွဲရုံသို့ ယူလာခဲ့ကြပြီး ညနေ ၅နာရီအချိန်ခန့်တွင် စစ်တွေမြို့သုဿန်တွင် မီးသင်္ဂြိုလ်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့တွင်လည်း စစ်တွေမြို့ ကသဲရပ်ကွက်နေ အသက် ၂၇နှစ်အရွယ်ရှိသည့် ကိုယ်ဝန်ဆောင် အမျိုးသမီး မဇာနီသန်းလည်း ကြိုးဆွဲချ သေဆုံးသွားခဲ့သည်ဟုသိရသည်။

ဆက်စပ် သတင်းများ