သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဆိုင်ကယ်ခိုးယူခဲ့သူ၃ဦးကို လက်ပူးလက်ကြပ်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရဥ္စရာ၊ ဇွန် ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကမ်းခြေအနီးတွင်တည်ရှိသည့် BEACH BOX Bar&Restaurant တွင် ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၉နာရီကျော် အချိန်ခန့်၌ စားသုံးနေသူတစ်ဦး၏ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သည့် လူ ၃ဦးကို ဆိုင်ကယ်နှင့် အတူ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။
ဆိုင်ကယ်ခိုးယူသူများမှာ အနည်းငယ်စစ်ဆေးမေးမြန်းပြီးနောက် ၎င်းတို့ကို ရဲလက်ထဲသို့ အပ်လိုက်သည်ဟု BEACH BOX Bar& Restaurant ပိုင်ရှင်ဖြစ်သူ ဦးဖြိုးမောင်က နိရဥ္စရာကို ပြောသည်။
“ကျွန်တော်တို့ဆိုင်က တံခါးအလုံပိတ်ထားတော့ ဆိုင်ရှေ့မှာဖြစ်နေတာတွေကို မမြင်ရဘူးပေါ့။ ဒါပေမဲ့လည်း ဝန်ထမ်းတွေကို အပြင်ထွက်လို့ဆိုင်ကယ်တွေကို ကြည့်ဖို့အမြဲမှာထားတယ်။ ကျွန်တော်တို့ဆိုင်က Customer တစ်ယောက် စားသောက်ပြီးလို့ ဆိုင်ကယ်ယူဖို့အချိန်မှာ ဆိုင်ကယ်က မရှိတော့ဘူး။ အဲဒီတော့ ဝန်ထမ်းကောင်လေး တစ်ယောက်နေ ည ၉နာရီလောက်မှာ လူတစ်ယောက်က ဆိုင်ကယ်တစ်စီးကို ကမ်းခြေဖက်ကို တွန်းသွားတာကိုမြင် လိုက်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ကမ်းခြေဖက်ကို လိုက်ကြည့်တဲ့ အချိန်မှာလူသုံးယောက်ဆိုင်ကယ် တစ်စီးကို စက်နိုးနေတာကိုတွေ့ခဲ့တယ်။ အဲဒီမှာ ဖမ်းမိတာပါ” ဟုဆိုသည်။
ခိုးယူခံရသည့် ဆိုင်ကယ်မှာ စားသောက်ဆိုင်ရှေ့တွင် သော့ခတ် ရပ်ထားခြင်း ဖြစ်ပြီး ယခုလို အလွယ်တကူ ခိုးယူနိုင်သည့်အတွက် သာမန်သူခိုးများ မဖြစ်နိုင်ကြောင်း၊ ယခုလို ခိုးယူမှုများလည်း တစ်ခြားစားသောက်ဆိုင်များတွင် မကြာခဏဆိုသလိုကြုံတွေ့နေရကြောင်း ဦးဖြိုးကျော်ကပြောသည်။
“ကျွန်တော်တို့ဆိုင်အနီးနားက ဆိုင်တစ်ဆိုင်ကဆိုရင် သိပ်မကြာသေးတဲ့ အချိန်က ဆိုင်ကယ်တစ်စီး ခိုးခံလိုက်ရတယ်။ အဲဒီဆိုင်ကယ်က သိန်း ၁၀ကျော် တန်တယ်လို့သိရတယ်။ ကျွန်တော်တို့အခု ဖမ်းမိတာကလည်း ဝန်ထမ်းတွေ ကောင်းလို့ဖမ်းမိလိုက်တာ။ အချိန်နည်းနည်းသာ နောက်ကျခဲ့ရင်တော့ ဖမ်းမိမှာမဟုတ်တော့ဘူး။ ပျောက်သွားတာ ကိုသိတာ နည်းနည်းမြန်သွားလို့။ သူတို့ကို သုံးယောက်ကိုတော့ ရဲကိုအပ်လိုက်တယ်”ဟုဆိုသည်။
အဆိုသူခိုး ၃ဦးနှင့် ပတ်သက်၍ တိတိကျကျသိရှိနိုင်ရန်အတွက် စစ်တွေမြို့ အမှတ် ၁ရဲစခန်းကို နိရဥ္စရာက အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ယခုလိုဆိုင်ကယ်များ ခိုးယူနေကြသူများမှာ တစ်ဦးတစ်ယောက်မဟုတ်ဘဲ အုပ်စုလိုက်ဖြစ်ပြီး ခိုးယူသည့်အခါမှာလည်း တန်ဖိုးကြီးသည့်ဆိုင်ကယ်များကိုမှ ခိုးယူကြခြင်းဖြစ်သည့်အတွက် စားသောက်ဆိုင်များအနေဖြင့်လည်း ယခုလိုခိုးယူမှုများမဖြစ်ရအောင် ကြပ်ကြပ်မတ်မတ် ထိန်းထိန်းသိမ်း သိမ်းပြုလုပ်ပေးချင်သည်ဟု စစ်တွေမြို့ခံ ကိုကျော်သူအောင်ကပြောသည်။
“ ကမ်းခြေမှာက သိတဲ့အတိုင်းပဲ စနေ တနင်္ဂနွေနေ့တွေဆိုရင် အရမ်း စည်းကာတာ။ လူတွေက ကမ်းခြေမှာတောင် မဆန့်ဘူး။ ဒီလိုအခြေအနေမျိုးမှာ စားသောက်ဆိုင်တွေအနေနဲ့က လာစားသူတွေရဲ့ ဆိုင်ကယ်တွေကို စောင့်ကြည့် ဖို့ဝန်ထမ်းတွေထားသင့်တယ်။ မဟုတ်ဘူးဆိုရင်တော့ ဒီလို ခိုးယူမှုတွေ ရှိနေမှာဘဲ”ဟု ဆိုသည်။
စစ်တွေမြို့တွင် ဆိုင်ကယ်သူခိုးများအား ရဲစခန်းကို သွားရောက် အပ်နှံသော်လည်း ထိထိရောက်ရောက် တရားစွဲဆို အပြစ်ပေးခြင်းများမရှိသလို ဖမ်းပြီးများမကြာမီ ပြန်လွတ်လာကြသဖြင့် ဆိုင်ကယ်ခိုးသူများမှာ တစ်နေ့ထက် တစ်နေ့ အတင့်ရဲလာကြသည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် စစ်တွေမြို့၌ ညအချိန် ခိုးသူများသောင်းကျန်းနေသလို နေအိမ်အထိတက်ကာ ခိုးယူမှုများရှိလာနေသည့်အတွက် ရပ်ကွက်အချို့တွင် ကင်းစောင့်ရန် ပိုက်ဆံပေးကာ လုံခြုံရေး ငှားထားရသည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ