သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားတွင် အသက် ၆၈ နှစ်အရွယ်အမျိုးသမီး အသတ်ခံရမှု ULA/ AA က စုံစမ်းစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1k


နိရဥ္စရာ၊ ဇွန် ၂ဝ/ ၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စုံစမ်းစစ်ဆေးနေသည်ဟု မင်းဖူးကျေးရွာဥက္ကဋ္ဌ ဦးဦးစံသိန်းက ပြောသည်။
"ULA/AA အစိုးရ ရဲဌာနကို တိုင်ထားပြီးတော့ စစ်ဆေးတာတွေတော့ရှိပါတယ်။ အမှုဖြစ်တာနဲ့ပတ်သက်ပြီးတော့ မဖြစ်စေချင်ဘူး။ အခုဖြစ်စဉ်ကိုလည်း အများကြီးလေ့လာနေကြတယ်။ စစ်ဆေးနေကြတယ်။ ဒီလို လူသတ်မှုတော့ မဖြစ်ဖူးဘူး"ဟု ပြောသည်။
အသတ်ခံရသူမှာ မင်းဖူးကျေးရွာတွင်နေထိုင်သည့် ဒေါ်မအေးဖြူဖြစ်သည်။
သူမကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက သူမ၏နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ပြီး သူမလည်ပင်းမှ ဒဏ်ရာအခြေအနေကြောင့် လည်ပင်းညှစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဦးဦးစံသိန်းက ပြောသည်။
"အခုပုံစံမျိုးက ခိုးလို့ပဲ သတ်ခဲ့တာလား။ သတ်ခဲ့တယ်လို့ထင်တဲ့တစ်ချက်က လည်ပင်းမှာ ညိုမဲနေတဲ့ လည်ပင်းညှစ်သတ်သလိုပုံစံမျိုးတွေ့ရလို့ ဝေဖန်တာသာဖြစ်တယ်"ဟု ဆက် ပြောသည်။
သူမကိုယ်ပေါ်မှ လက်ဝတ်လက်စား တစ်စုံတစ်ရာပျောက်ဆုံးမှုမရှိခဲ့သော်လည်း နေအိမ်အတွင်း စုဆောင်းထားသည့် ရွှေစ၊ ငွေစအချို့နှင့် ပိုက်ဆံအချို့ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသူဒေါ်မအေးဖြူမှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယခင်က ချမ်းသာခဲ့သည့်အတွက် သူမထံမှပစ္စည်းဥစ္စာလိုချင်၍ ကြံစည်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုနေသည်။
ဒေါ်မအေးဖြူ ရုပ်အလောင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရပ်သူရွာသားများ စုပေါင်းကာ သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။ (NN-7)
ဓာတ်ပုံ - အထက မင်းဖူး facebook

ဆက်စပ် သတင်းများ