သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ စိန်ချယ်ရီ ရွှေဆိုင်က ကျပ်သိန်း ၄၀ဖိုးနီးပါးရှိ ရွှေနှစ်ကျပ်သား လက်ကောက် ၂ကွင်းကို လူတစ်ဦးက ယူဆောင်ထွက်ပြေးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ ဇူလိုင် ၁၃/ ၂၀၂၂
ရခိုင်ပြည်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်စျေးသစ်ရှေ့ ကမ်းနားလမ်းရှိ စိန်ချယ်ရီရွှေဆိုင်က သိန်း ၄၀ ဖိုးခန့် တန်ဖိုးရှိသည့် ရွှေနှစ်ကျပ်သား လက်ကောက်နှစ်ကွင်းကို ရွှေဝယ်ရန်လာသူအဖြစ် ဟန်ဆောင်ကာ ယူဆောင်ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။
စိန်ချယ်ရီဆိုင်က စာရေးမ မလှမြတ်သိန်းက “ အဲဒီလူက ရွှေလက်ကောက် ဝယ်မယ်ဆိုပြီးတော့ အသက်ကြီးပိုင်းဝတ်ဖို့ လက်ကောက် ဘယ်လို ပုံစံမျိုးဆိုရင် ကောင်းမလဲဆိုပြီး ကျွန်မကိုမေးပါတယ်။ ပထမဆုံး ရွှေကျပ်ခွဲနဲ့ အပွလုပ်ထားတဲ့ သရီးဒီ ( 3D) လက်ကောက်ကိုပြပါတယ်။ သူကဒါကို မကြိုက်ဘူးပြောလို့ ကျွန်မက လက်ကောက်တစ်ကွင်းစီကို တစ်ကျပ်သားတိတိ လုပ်ထားတဲ့ လေးပင်လိမ် အပွတစ်စုံနဲ့ အကျစ် တစ်စုံပြပေးတယ်။ စုစုပေါင်းလေးကွင်းပေါ့။ ပြတော့သူက ကိုင်ကြည့်သေးတယ်။ ပြီးတော့ လေးပင်လိမ်အကျစ်တစ်စုံကို ယူပြီးထွက်ပြေးသွားတယ်"ဟုပြောသည်။
ယနေ့ ရွှေပေါက်စျေးမှာ ၁၅ပဲရည်တစ်ကျပ်ကို ၁၉ သိန်း ၃ သောင်း ခန့်ရှိသဖြင့် လက်ကောက် နှစ်ကွင်းတန်ဖိုးမှာ ၃၉ သိန်းနီးပါး ရှိသည်ဟု သူက ပြောကြားသည်။
၎င်းထွက်ပြေးသွားသူကို စီစီတီဗွီဖြင့် ရိုက်ကူးထားပြီးလက်ရှိတွင် စစ်တွေမြို့ အမှတ် (၁)ရဲစခန်းအား တိုင်ကြားထားပြီး၊ စီစီတီဗွီ ရုပ်သံဖိုင်ကို ရဲစခန်းသို့ သွားရောက်ပို့ဆောင်ရန်လုပ်နေသည်ဟုသိရသည်။
စီစီတီဗွီရိုက်ကူးထားချက်အရ ယူဆောင်ထွက်ပြေးသွားသူမှာ လူငယ် တစ်ဦးဖြစ်ပြီး ပါးစပ်ကို နှာခေါင်းစည်းဖြင့် စည်းထားပြီး ဆိုင်ထဲသို့ ဝင်လာသည်ကို ထင်ရှားစွာမြင်ရသည်။
အလားတူ မြောက်ဦးမြို့ တောင်ရပ်ခွဆုံအနီး ဦးသာကျော်ဖြူရွှေဆိုင်မှလည်း ဇူလိူင် ၇ရက်နေ့ နံနက် ၁၀နာရီအချိန်ခန့်မှာ ရွှေဆွဲကြိုးနှစ်ကုံးလုယက်မှု ဖြစ်ပွားခဲ့ပြီး လုယက်ယူဆောင်သူကို ချက်ချင်း လက်ရဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ (NN-13)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ