စစ်တွေမြို့ပေါ်တွင် စိတ်ကြွဆေးပြားပေါင်း ၆ ထောင်ကျော်နှင့်အတူ လူ ၂ ဦး ဖမ်းဆီးခံရ


နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် စိတ်ကြွဆေးပြားပေါင်း ၆ ထောင်ကျော်နှင့်အတူ လူ ၂ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးခံရသူမှာ စစ်တွေမြို့၊ ကသဲရပ်ကွက် အကွက်(၃)၊ မဏိပူရလမ်းနေ ဒေါ်ချိုမာခိုင် (ခေါ်)ယာယီ (၃၇ နှစ်)နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ဦးခင်မောင် (၄ဝ နှစ်)ဖြစ်သည်။
ယမန်နေ့ ဇူလိုင်လ ၂၃ ရက် ည ၈ နာရီခွဲခန့်တွင် သတင်းအရ ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ စစ်တွေရှိ ဒေါ်ချိုမာခိုင်၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ အဆိုပါစိတ်ကြွဆေးပြားများကို နေအိမ်အတွင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ၏သတင်းထုတ်ပြန်ရေးပေ့ရှ်တစ်ခုဖြစ်သည့် ရခိုင်နေ့စဉ်တွင် ယနေ့ထုတ်ပြန်သည်။
ဖမ်းမိရာတွင် သူမ၏ညာဘက်လက်တွင် ကိုင်ဆောင်ထားသော ပန်းရောင်လက်ဆွဲပလပ်စတစ်အိတ်အတွင်းမှ ကျပ် ၁၃၉ သိန်းကျော်တန်ဖိုးရှိ WY နှင့် R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၆၉၇၀ ပြားများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများသည် ကျောက်တော်မြို့မှ ဦးခင်မောင်က ရောင်းချပေးရန် နေအိမ်သို့လာပေးသည့် ဆေးပြားများဖြစ်သည်ဟု ဒေါ်ချိုမာခိုင်က ထွက်ဆိုခဲ့သဖြင့် ဦးခင်မောင်တည်းခိုနေထိုင်သည့် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ ဗောဓိလမ်းရှိ နေအိမ်ဆိုင်ခန်းအား သွားရောက်ရှာဖွေခဲ့ရာ ဦးခင်မောင်အား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးခံရသူ ၂ ဦးအား စစ်တွေမြို့မရဲစခန်း၌ မူးယစ်ဥပဒေဖြင့် အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။
စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ အမျိုးသမီး ၁ ဦး၏နေအိမ်အတွင်းမှလည်း ဇူလိုင်လ ၁၃ ရက်က ကျပ်သိန်း ၁၄ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟုလည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Share: