သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် နေရာ၂ခုတွင်ဓားထိုးမှုဖြစ်၊ သေဆုံး၂ဦးအနက် ၁ဦးမှာကမ်းနားလမ်းတွင် ညဥ့်အချိန်အရက်ဝိုင်းဖွဲ့သောက်စားကြရာမှဓားထိုးခံရခြင်းဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ သြဂုတ် ၁/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက်က ဓားထိုးမှု ၂ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦးအနက် ၁ ဦးမှာ ကမ်းနားလမ်း၌ ညဥ့်အချိန် အရက်သေစာ ဝိုင်းဖွဲ့သောက်စားကြရာမှ ဓားထိုးခံရခြင်းဖြစ်သည်ဟု သိရသည်။
စစ်တွေကမ်းနားလမ်းတွင် ညဥ့်အချိန် အရက်သေစာ ဝိုင်းဖွဲ့သောက်စားကြရာမှ ဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံးသွားသူမှာ စစ်တွေမြို့၊ စံပြရွာမှ ကိုဇော်နိုင်ဦး (၃၄ နှစ်)ဖြစ်သည်။
သူသည် နောက်ထပ် အမျိုးသား ၅ ဦးနှင့်အတူ ယနေ့ သြဂုတ်လ ၁ ရက် ညဥ့် ၂ နာရီအချိန်တွင် စစ်တွေကမ်းနားလမ်း၌ ဝိုင်းဖွဲ့အရက်သေစာ သောက်စားကြရာ အချင်းအချင်းစကားများရာမှ စစ်တွေမြို့၊ စံပြရွာမှ ကိုသန်းဝင်းလှိုင် (၃၂ နှစ်)က ကိုဇော်နိုင်ဦးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက်သယ်ဆောင်ခဲ့သူ ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက နိရဥ္စရာကိုပြောသည်။
“မနက် ၆ နာရီလောက်မှာ ဖုန်းရောက်တယ်။ ကျွန်တော်တို့က လိုက်သွားတော့ ဖြစ်စဉ်နေရာမှာ သုံးယောက်ပဲရှိနေတယ်။ အရက်သောက်ပြီး စကားများကြရာက ဓားထိုးမှုဖြစ်သွားတာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု ပြောသည်။
ပြစ်မှုကျူးလွန်သူမှာ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းမိနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းနေသည်ဟုလည်း သိရသည်။
၄င်းတို့ ၆ ဦးစလုံးသည် စစ်တွေမြို့ စံပြရွာရပ်ကွက်မှ ကျပန်းလုပ်ကိုင်စားသောက်နေသည့်သူများဖြစ်သည်ဟုလည်း သိရသည်။
ဓားထိုးခံရသူတွင် သား၊ သမီး ၂ ဦးရှိသည်ဟုလည်း သိရသည်။
အများပြည်သူ အပန်းဖြေတတ်သည့် ကမ်းနားလမ်းတွင် အရက်သေစာ သောက်စားကြသူများကို ယခင်က ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အရေးယူမှုမရှိတော့သည့်အတွက် ယခုကဲ့သို့ အရက်သေစာသောက်စားမှုများရှိလာနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
အလားတူ ယနေ့ နံနက် ၇ နာရီကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ မာရမာကြီးကယ်ဆယ်ရေးစခန်းတွင် အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး ၁ ဦး ဓားထိုးခံရ၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။
သေဆုံးသွားသူမှာ ဒေါ်မဖြူ၊ အသက် (၅၂ နှစ်)ဖြစ်သည်။
သူမသည် သမက်ဖြစ်သူ ဦးချစ်မောင် (၄၀ နှစ်)နှင့်စကားများကြရာမှ ဦးချစ်မောင်၏ဓားဖြင့်ထိုးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု အလောင်းအားသွားရောက်သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌကိုမင်းထည်ဝါက နိရဥ္စရာကို ပြောသည်။
"မိသားစုကိစ္စ စကားများရာကနေဖြစ်တာလို့ သိရတယ်။ ဓားထိုးတဲ့ သားမက်ဖြစ်သူကို သက်ဆိုင်ရာက ဖမ်းထားပြီလားတော့ ကျွန်တော်တို့မသိရဘူး"ဟု ပြောသည်။
လက်ရှိတွင် သူမအပါအဝင် ဓားထိုးခံရ၍သေဆုံးသွားသူ ၂ ဦး၏ရုပ်အလောင်းတို့အား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေမြို့၊ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ (NN -12)
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ