စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ၇ လကျော်အတွင်း ဓားထိုးမှုဖြစ်၍ ၁ဝ ဦးသေ၊ ၈ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ သြဂုတ် ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင် ၇ လကျော်အတွင်း ဓားထိုးမှုဖြစ်၍ ၁ဝ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။
ယခုနှစ်အစောပိုင်း ဇန်နဝါရီလမှစ၍ ယနေ့ သြဂုတ်လ ၁၁ ရက်အထိ ဓားထိုးမှုဖြစ်စဉ် ၁၈ မှုရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူ ၈ ဦးရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ ညဉ့် ၁၂ နာရီကျော်ကလည်း အဝေးပြေးကားကြီးကွင်းမှ အမျိုးသား ၁ ဦး၊ ယမန်နေ့ သြဂုတ်လ ၁၀ ရက်က ဓညဝတီရပ်ကွက်မှ ၁ ဦးနှင့် ကိုးရီးယားဆိပ်ကမ်း ကုလားချောင်းမှ စက်လှေသမား ၁ ဦးနှင့် သြဂုတ်လ ၉ ရက်က မင်းဂံရပ်ကွက် အကွက် ၁၀ မှ ဆရာတော် ၁ ပါးတို့သည် ဓားထိုးခံရ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည်ဟု သိရသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါက “များသော အားဖြင့် အရက်သောက်လို့ ဖြစ်ကြတာ။ အရက်ဝိုင်းမှာ ထိုးတာများလာတယ်။ ကုလားချောင်းမှာကတော့ ပိုက်ချတဲ့ ဘုတ်သမားတွေက အချင်းချင်းထိုးကြတာ။ ကားဂိတ်မှာလည်း ပုလင်းနဲ့ထိုးကြတာ” ဟု နိရဥ္စရာကို ပြောသည်။
သြဂုတ်လ ၁ ရက် ညဥ့် ၂ နာရီကလည်း စစ်တွေကမ်းနားလမ်း၌ ဝိုင်းဖွဲ့အရက်သေစာ သောက်စားကြရာမှ အချင်းချင်းစကားများ၍ စံပြရွာမှ အမျိုးသား ၁ ဦး ဓားထိုးခံရ၍ သေဆုံးခဲ့သလို ယင်းနေ့နံနက် ၇ နာရီကျော်တွင်လည်း စက်ရုံစုရပ်ကွက်ရှိ မရမာကြီး ကယ်ဆယ်ရေးစခန်းမှ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီး ၁ ဦး ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်များသည် ညအချိန် အများဆုံးဖြစ်ပွားတတ်ပြီး ကျူးလွန်ခဲ့သူများကိုလည်း ရဲတပ်ဖွဲ့က ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိဖြစ်နေသည်ဟု မြို့ခံများက ပြောသည်။ (NN-3)

ဆက်စပ် သတင်းများ