စစ်တွေမြို့နယ် သင်ပုန်းတန်းကျေးရွာသား ၁ ဦးကို ရေနစ်သေဆုံး၍တွေ့



နိရဉ္စရာ၊ သြဂုတ် ၃၁/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်ပုန်းတန်းကျေးရွာမှ ရွာသား ၁ ဦးကို ရေနစ်ပြီး သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု  သိရသည်။

၎င်းသူမှာ သင်ပုန်းတန်းကျေးရွာနေ ဦးသန်းသန်း(၃၇ နှစ်)ဖြစ်သည်။


သူသည် ယမန်နေ့ သြဂုတ်လ ၃ဝ ရက် နံနက် ၆ နာရီခန့်က နေအိမ်မှ ပျောက်သွားခြင်းဖြစ်ပြီး သူ့အလောင်းကို သင်ပုန်းတန်းကျေးရွာ ချောင်းဖျားတွင် ရေနစ်ပြီး ယမန်နေ့ ည ၈ နာရီခွဲကျော်ခန့်၌ ရွာသားများကတွေ့ရှိခဲ့ကြခြင်းဖြစ်ကြောင်း အလောင်းအား သွားရောက် သယ်ယူခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုသာကီဖြိုးက ပြောသည်။


"ဒဏ်ရာတွေကတော့ ဒီအတိုင်းဒဏ်ရာတွေမတွေ့ရပါဘူး။ ဒါပေမယ့် ရေမှာမြုပ်သွားလို့ ဂဏန်းတွေ ညှပ်ထားတဲ့ ဒဏ်ရာတွေတော့ရှိပါတယ်။ သူ့မှာ မိုးကာအကျလည်း တစ်ထည်ဝတ်လို့ပါပါတယ်" ဟုပြောသည်။


သေဆုံးသူ၏မိသားစုဝင်များပြောဆိုချက်အရ ၎င်းသည် မိသားစုကိစ္စများကြောင့် စိတ်မူမမှန်သည့်အနေအထားတွင်ရှိကြောင်း ကိုသာကီဖြိုးက ဆက်ပြောသည်။


သေဆုံးသွားသူ ဇနီးမှာ ထိုင်းနိုင်ငံ၌အလုပ်သွားရောက်လုပ်ကိုင်နေပြီး  သားသမီး ၃ ဦးကျန်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းကို ယမန်နေ့ည ၉ နာရီခန့်က ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


စစ်တွေတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်ကလည်း ရွာကြီးမြောက်ရပ်ကွက် ဟင်္သာကန်အတွင်းရှိ စိတ်ဝေဒနာသည်လူငယ်အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး စစ်တွေမြို့နယ် သာယာကုန်းကမန်ကျေးရွာရှိ ချောင်းဝတွင်လည်း အမည်မသိသေဆုံးနေသည့် လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
(NN-8)
ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

Share: