သံတွဲမြို့နယ် သက္ကယ်ကျင်းရွာတွင် မူလတန်းပြဆရာတစ်ဦး ဓားပြတိုက်ခံရ


နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၂
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သက္ကယ်ကျင်းရွာ မူလတန်းကျောင်းတွင်တာဝန်ထမ်းဆောင်နေသည့် ဆရာတစ်ဦးသည် ဓားပြတိုက်ခံရလိုက်ရသည်ဟု သိရသည်။

ဓားပြတိုက်ခံလိုက်ရသူမှာ သက္ကယ်ကျင်းကျေးရွာ မူလတန်းကျောင်းမှ လက်ထောက်မူပြဆရာ ဦးဖေသိန်း (၂၇ နှစ်)ဖြစ်သည်။


သူသည် တာဝန်ကျနေသည့်ကျောင်းတွင်နေကာ စာပြနေသူဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက် ညဉ့် ၁ နာရီကျော်တွင် ကျောင်းဆောင်အိပ်ခန်းအတွင်း တစ်ဦးတည်း အိပ်နေစဉ် မျက်နှာဖုံး စွပ်ထားသည့်လူ ၂ ဦးက ဓားရှည်များကိုင်ဆောင်ကာ ပြတင်းမှတဆင့် အိပ်ခန်းအတွင်းဝင်ရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ကာယကံရှင်ဆရာ ဦးဖေသိန်းက နိရဥ္စရာကိုပြောသည်။

အဲဒီပြတင်းပေါက်က ဝင်တော့ ကျနော်လန့်ပြီးနိုးတော့ ခြင်ထောင်ကြိုးကို ဓားနဲ့၊ ဓားဟာ ငှက်ကြီးတောင်လိုဓားတစ်လက်၊ နောက်ပြီးတော့ ဒီကလူတွေအမြဲကိုင်ကြတဲ့ ဓားချွန် အဲလိုမျိုးတစ်လက်ပါ။ အဲဒါတွေနဲ့ဝင်ပြီးတော့ ခြင်ထောင်ကြိုးကို ဖြတ်ပြီးတော့ ကျနော့်ကိုနောက်ကတစ်ယောက်ဟာ လည်ပင်းမှာဓားတင်ပြီးတော့ ပိုက်ဆံအိတ်တွေပြခိုင်းတယ်။ အားလုံးအိတ်တွေကို မွှေခိုင်းတယ်။ လက်စွပ်ကို ချွတ်ခိုင်းတယ်။ သူတို့က ဒီဘက်က ဒေသခံ စကားပြောကြတယ်။ သူတို့ပြန်တဲ့အခါ ကျနော့်ကို ခေါင်းအုံးမှာ မှောက်ပြီး အိပ်ခိုင်းတယ်။ ကျနော်လည်း ကြောက်တော့ ထလို့တောင် မရောက်ခဲ့ဘူး။ သတိလစ်သလိုဖြစ်သွားတယ်ဟု ပြောသည်။

ယင်းသို့ ဓားပြတိုက်ခံရမှုကြောင့် ဆရာဦးဖေသိန်းတွင် ၁၆ ပဲရည် ကျပ်ခွဲအလေးချိန်ရှိ ရွှေလက်စွပ်တစ်ကွင်းနှင့် ပိုက်ဆံ ၁ သိန်း ၂ သောင်းကျပ် ဆုံးရှုံးသွားသည်ဟု ဆိုသည်။

ဓားပြတိုက်ခံရပြီးနောက် ကျောင်းအုပ်ဆရာမကြီးအား ဖုန်းဆက်အကြောင်းကြားခဲ့ပြီး ကျောင်းအုပ်မှတဆင့် ရွာသားများကိုဆက်သွယ်အကြောင်းကြားခဲ့သည့်အတွက် ညဉ့် ၂ နာရီခန့်တွင် ရွာသားများရောက်ရှိလာခဲ့သည်ဟု သိရသည်။

အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ၁ ဦး၊ လက်ထောက်မူပြဆရာ၊ ဆရာမ ၃ ဦးရှိပြီး ကျောင်းအုပ်နှင့် ဆရာဦးဖေသိန်းတို့မှာ ကျောင်းတွင် တစ်ခန်းစီနေကာ စာပြ၍ ကျန် ၂  ဦးမှာ ဒေသခံများဖြစ်သည့်အတွက် ကျောင်းသို့ဆိုင်ကယ်ဖြင့်လာရောက် စာသင်ပြပေးလျက်ရှိသည်ဟု သိရသည်။

ယင်းနေ့က ကျောင်းအုပ်ဆရာမကြီးသည် မိခင်နေမကောင်း၍ ရွာပြန်သွားစဉ် ဆရာဦးဖေသိန်းတွင် ယခုကဲ့သို့ ဓားပြတိုက်ခံလိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် ဆရာဦးဖေသိန်းသည် လုံခြုံရေးစိုးရိမ်ရ၍ သံတွဲမြို့ပေါ်ရှိ လက်ထောက်မြို့နယ်ပညာရေးမှူး တစ်ဦး၏အခန်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု ပြောသည်။

လုံခြုံမှုကတော့ ကျနော့်အနေနဲ့ တစ်ခုမှ မလုံခြုံသလိုတွေ့မိပါတယ်။ ကုန်စျေးနှုန်းနဲ့ လစာနဲ့ကို တွက်ကြည့်လိုက်မယ်ဆိုရင် တစ်နှစ်လုံးဝန်ထမ်းလုပ်လို့ ပိုက်ဆံ ၁ သိန်းမကျန်တဲ့အခြေအနေ ရှိပါတယ်။ အဲလိုအခြေအနေမျိုးမှာ ဒီလိုဒုက္ခခံပြီး မိသားစုနဲ့ဝေးကွာပြီးတော့ လာပြီး တာဝန်ထမ်းဆောင်နေတာ။ ဒီမှာရောက်တော့ ဒီလိုပြဿနာဖြစ်တော့ ပိုပြီး ခံစားရပါတယ်။ အတတ်နိုင်ဆုံး ပြည်နယ်က ပညာရေးမှူးတွေဆုံးဖြတ်ချက်တွေနဲ့ ကျနော်လည်း ကိုယ့်မြို့နယ်၊ ကိုယ့်ရွာဘက်ကိုရောက်ချင်ပါတယ်ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်အား သံတွဲမြို့နယ် ဂျိတ္တောရဲစခန်းသို့တိုင်ကြားထားပြီး ရဲက စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဂျိတ္တောရဲစခန်းသို့ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။

သက္ကယ်ကျင်းကျေးရွာ မူလတန်းကျောင်းသည် ရွာ၏အနောက်ဘက်၊ သံတွဲမြို့နယ် ဂျိတ္တောကျေးရွာသို့ သွားသည့်လမ်းမအနီးတွင် တည်ရှိပြီး ကျောင်းတွင် KG မှာ Grade – 5 အထိ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း ၁ဝ ဦးရှိသည်ဟု သိရသည်။

ဓားပြတိုက်ခံရသူ ဆရာဦးဖေသိန်းသည် အဆိုပါကျောင်းတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူဖြစ်ပြီး ဇာတိမှာ ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာမှ ဖြစ်သည်။

ရခိုင်တွင် ယခုနောက်ပိုင်း ကျောင်းဆရာ၊ ဆရာမများလည်း လုံခြုံမှုကင်းမဲ့လျက်ရှိနေပြီး ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်ကလည်း ကျောက်တော်မြို့နယ် ကွမ်းအုံချောင်း အထက်တန်းကျောင်း(ခွဲ)တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ ၂၁ ဦး၏လစာငွေကျပ်သိန်း ၃ဝ ကျော်သည်လည်း လစာလာရောက်ထုတ်ယူလာသည့် ကျောင်းစာရေးမထံမှ အလုခံလိုက်ရသေးသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း မောင်တောမြို့နယ် သင်္ဘောလှကျေးရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့သည်လည်း လက်နက်ကိုင်တစ်စု၏ပြန်ပေးဆွဲခြင်းကိုခံလိုက်ရသည်။

မြန်မာကျပ်ငွေ သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ ဘင်္ဂလာငွေ တာကာ သိန်း ၅ဝ လွှဲပေးလိုက်ပြီးမှ သူတို့ ၂ ဦးကို ဇွန်လ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်းကျေးရွာအနီး ပြန်လွှတ်ပေးခဲ့သည်။

Share: