ငပလီမြို့ရှိ အမှိုက်ပုံတစ်ခုမှ ၂ ဒသမ ၆၆ ဘီလီယံခန့်ရှိ စိတ်ကြွဆေးပြားများ တွေ့ရှိ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၁ အောက်တိုဘာ ၂၀၂၂
-
| ကြည့်ရှုသူ:
5.9k
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/၂ဝ၂၂
ရခိုင်ပြည်နယ်
သံတွဲမြို့နယ် ငပလီမြို့တွင် အမှိုက်ပုံတစ်ခုအတွင်းမှ
ဆာလာအိတ်ဖြင့်ထုပ်ပိုးထားသည့် ၂ ဒသမ ၆၆ ဘီလီယံခန့်တန်ဖိုးရှိသော
စိတ်ကြွဆေးပြားများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ငပလီမြို့၊
ဂျိတ္တောရပ်ကွက်၊ အကွက်(၉)၊ မဒေးတောင်ရပ်တော်မူဘုရားအနီး အမှိုက်ပုံရှိ
အဝါရောင်ဆာလာအိတ် ၂ အိတ်အတွင်းမှ WY/R စာတန်းပါ စိတ်ကြွဆေးပြားများကို
ယမန်နေ့ အောက်တိုဘာလ ၁ဝ ရက် ညနေ ၃ နာရီခန့်က ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက
တွေ့ရှိကာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါဆာလာအိတ် ၂ အတွင်းမှ WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေး
ပြား ၁,၃၃၀,၀၀၀ ပြားအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ကာလတန်ဖိုးမှာ ကျပ် ၂ ဒသမ ၆၆ ဘီလီယံခန့်ရှိသည်ဟုလည်း သိရသည်။
ဂျိတ္တောနယ်မြေရဲစခန်းမှ
တာဝန်ရှိသူတစ်ဦးက “မနေ့က မူးယစ်ဆေးတွေတွေ့တာမှန်ပါတယ်။ လက်ရှိအချိန်ထိ
ဆက်စပ်တရားခံတွေတော့ မတွေ့သေးဘူး”ဟု ပြောသည်။
အဆိုပါစိတ်ကြွဆေးပြားများနှင့်ပတ်သက်၍
ဂျိတ္တောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မဖြင့်
အမှုဖွင့်ထားပြီး ဆက်စပ်တရားခံများကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က
စုံစမ်းနေသည်ဟု သိရသည်။