မြေပုံ ငပသုန်ရွာမှအသက် ၄ဝကျော်အရွယ်အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရ


နိရဥ္စရာ၊ ဒီဇင်ဘာ ၂/၂ဝ၂၂

 

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ အသက် ၄ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့်ရက်ပိုင်းက အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်ဟု မိသားစုဝင်များကပြောသည်။

 

အသတ်ခံရသူမှာ ငပသုန်ကျေးရွာမှ ဒေါ်မမြင့်ချေ (၄၈)နှစ်ဖြစ်သည်။

 

သူမသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်၊ ညနေ ၇ နာရီခန့်က ရွာအနောက်ပိုင်းရှိ မင်္ဂလာဆောင်ပွဲ၏ ညစာစားပွဲကို သွားရောက်လက်ဖွဲ့ခဲ့ပြီးနောက် မင်္ဂလာဆောင်သည့်အိမ်နှင့် ၄၅ မိနစ်ခန့် သွားရသည့် သူမ၏ လယ်ကွင်းထဲ စပါးရိတ်သိမ်းထားရာသို့တစ်ဦးတည်း ထွက်သွားချိန်တွင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

မင်္ဂလာပွဲကိုသွားတုန်းကတော့ သူ့ရဲ့လယ်ကွင်းမှာ အငှားလုပ်သူတစ်ယောက် သူနဲ့အဖော်ပါပါတယ်။ ပွဲကအပြန်မှာ အဲဒီအဖော်ပါလာသူက ပွဲခင်းထဲ အရက်မူးပြီးကျန်ခဲ့လို့ သူတစ်ယောက်တည်း လယ်ထဲထွက်သွားချိန်မှာ အခုလို အသတ်ခံလိုက်ရတာပါ အေအေတာဝန်ရှိသူတွေကတော့ အဓမ္မပြုကျင့်ခံရပုံရတယ်လို့ပြောပါတယ်ဟု ၎င်းက ပြောသည်။

 

အသတ်ခံထားရသည့်သူမ၏အလောင်းကို နောက်တစ်နေ့ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီခန့်တွင် ရွာနှင့် သူမလယ်ကွင်းကြားရှိ တောစပ်ငယ်လေးအနီး၌ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 

သူမ၏အပေါ်ဝတ်အင်္ကျီဖြင့် သူမ၏လက်နှစ်ဘက်ကို နောက်ပြန်ချည်နှောင်ထားပြီး ထမိန်ကိုလည်း သူမနှင့် ခပ်လှမ်းလှမ်းတွင် လွှင့်ပစ်ထားကာ အောက်ပိုင်း ဗလာကျင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ပြောသည်။

 

ယင်းအပြင် သူမ၏ မျက်နှာမှာ ဖူးရောင်နေပြီး လည်ပင်းကိုလည်း ကြိုးဖြင့် ဖျစ်ညှစ်ထားသည့် ပုံစံတွေ့ရသလို ညာဘက် နားရွက်ကိုလည်း တစ်ခုခုဖြင့်ရိုက်နှက်ထားသည့်အတွက် နားကပ်မှာ နားရွက်အသားထဲ ပိဝင်နေသည်ကို တွေ့ရှိရသည်ဟုလည်း သူမ၏မိသားစုဝင်တစ်ဦးက ပြောသည်။

 

သူ့မှာက လက်ဝတ်လက်စားကလည်း နားကပ်ကလေးတစ်ရံပဲ ဝတ်လို့ပါတာ။ နားကပ်ကိုလည်း ဖြုတ်ယူသွားတာမရှိဘူးဟု ပြောသည်။

 

ယခုဖြစ်စဉ်ကို ရက္ခိုင့်တပ်တော်(AA)၏ နယ်မြေတာဝန်ခံများကိုတိုင်တန်းခဲ့ရာ သူတို့၏ စစ်ဆေးချက်အရ မုဒိမ်းကျင့် သတ်ဖြတ်သွားခဲ့သည့်လက္ခဏာကို စစ်ဆေးတွေ့ရှိရသည်ဟု AA တာဝန်ခံများက ပြောဆိုသွားကြောင်း မိသားစုဝင်ကဆက်ပြောသည်။

 

လက်ရှိတွင် တစ်ရွာတည်းနေ အသက် ၂ဝ မှ ၃ဝ ကြားရှိ သံသယဖြစ်ဖွယ် အမျိုးသား ၄ ဦးကို စစ်ဆေးရန် AA နယ်မြေတာဝန်ခံများက ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်တွင် ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

 

အသတ်ခံရသည့် ဒေါ်မမြင့်ချေ၏ရုပ်အလောင်းကို နိုဝင်ဘာလ ၃ဝ ရက်တွင် ကျေးရွာသု်၌ သင်္ဂြိုလ်ခဲ့သည်ဟု မိသားစုများက ပြောသည်။

 

သူမတွင် အမျိုးသားနှင့်အတူ သား ၂ ဦးနှင့် သမီး ၂ ဦးကျန်ရှိခဲ့ပြီး သူတို့မိသားစုသည် လယ်ယာလုပ်ကိုင် စားသောက်ကြသည်ဟုလည်း သိရသည်။

Share: