မြေပုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရ


နိရဉ္စရာ၊ ဒီဇင်ဘာ ၃/၂၀၂၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် သရက်တောင်ကျေးရွာအုပ်စု၊ ဖော်ပြေကျွန်းကျေးရွာတွင်  နိုဝင်ဘာလ ၂၉ ရက်က ကလေးနှစ်ယောက်မိခင်တစ်ဦး ဓားဖြင့် ခုတ်ခံရပြီး ပွဲချင်ပြီးသေဆုံးသွားကြောင်းသိရသည်။

ဓားခုတ်သတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားသူမှာ ဖော်ပြေကျွန်းကျေးရွာနေ မလေးမြတ်သွယ် (၃၆ နှစ်)ဖြစ်သည်။

၎င်းအမျိုးသမီးသည်  နိုဝင်ဘာလ ၂၉ ရက် နံနက် ၈ နာရီကျော်ခန့်က ရွာရှိ ၎င်း၏ပုဇွန်ကွင်းတွင် နေထိုင်နေစဉ် တစ်ရွာတည်းသားချင်းဖြစ်သည့် ဦးမောင်ကျော့မှ မလေးမြတ်သွယ်တို့၏ ပုဇွန်ကွင်းသို့ လာရောက်ကာ ဓားဖြင့်ခုတ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း မလေးမြတ်သွယ်၏ မောင်ဖြစ်သူက ပြောသည်။

"ဘာရန်ငြိုးရန်စမှလည်းမရှိဘဲ ကျနော့်အစ်မကို မသေမချင်း ဓားနဲ့ ခုတ်တ်ခဲ့တာပါ။ ခုတ်သတ်ပြီးတော့ အလောင်းပါဖျောက်ခဲ့ပါသေးတယ်။ ပုဇွန်ကွင်းတစ်ဖက်က ကာရီပြင်မှာ အလောင်းကိုပစ်ခဲ့ပါတယ်။ ကျနော့်အစ်မမှာ အိမ်ရှင်လည်းမရှိတော့ဘူး။ သမီးလေးနှစ်ယောက်နဲ့ ရိုးရိုးသားသား လုပ်စားနေတာပါ"ဟု ပြောသည်။

၎င်းသူမှာ ဦးမောင်ကျော့မှ မလေးမြတ်သွယ်တို့ ပုဇွန်မွေးမြူရေးကွင်းအနီးတွင် ပုဇွန်မွေးမြူရေး လုပ်ကိုင်နေသူဖြစ်ကြောင်း သိရပြီး ဓားဖြင့်ခုတ်သတ်သည့် အကြောင်းအရင်းကို မသိရသေးဟု ဆိုသည်။

ဦးမောင်ကျော့ ဓားဖြင့် ဝင်လာချိန်တွင် မလေးမြတ်သွယ်၏ဖခင်ဖြစ်သူပါ အတူရှိနေခဲ့ပြီး သူမ၏ ဖခင် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သမီးဖြစ်သူကို ဦးမောင်ကျော့က ဓားဖြင့် ခုတ်သတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုကလေးနှစ်ဦး၏ မိခင်နှင့်အတူ ရှိနေကြသည့် စ်ရွာတည်းသားနေ ဦးမောင်ကြည်သန်းနှင့် ဦးမောင်ကြည်ရွှေတို့လည်း ဦးမောင်ကျော့၏ ဓားဖြင့် လိုက်ခုတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ဦးမောင်ကျော့အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) နယ်မြေတာဝန်ရှိသူများက ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်းသိရသည်။

၎င်းကလေးနှစ်ဦး၏မိခင် ဓားဖြင့်မသေမချင်းခုတ်သတ်ခံရသည့် အမှုကို တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူစေလိုကြောင်း မိသားစုဝင်များကပြောသည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်း စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

(NN-8)

Share: