နိရဉ္စရာ၊ဇန်နဝါရီ ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ် ချောင်းနွယ်မင်းဂံချောင်းအတွင်းတွင် ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊နံနက် ၁၀ နာရီဝန်းကျင်က အမည်မသိဘုန်းကြီးအလောင်းတစ်လောင်းတွေ့ရှိရကြောင်းသိ၇သည်။
အဆိုပါချောင်းနွယ်မင်းဂံချောင်းအတွင်းတွင်မျောပါလာသည့် ဘုန်းကြီးအလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို လက်ရှိအချိန်ထိမသိရှိရသေးကြောင်း သိ၇သည်။
အဆိုပါဘုန်းတော်ကြီးအလောင်းပေါ်တွင်ဒဏ်ရာဒဏ်ချက်များပါရှိခြင်းမရှိကြောင်း အလောင်းအား သွားရောက်သယ်ယူခဲ့သည့်မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ မသူသူက နိရဉ္စရာသို့ပြောသည်။
"တစ်ကိုယ်လုံးမှာတော့ဒဏ်ရာအနေအထားက မရှိပါဘူး။ နှာခေါင်းနားကသွေးနည်းနည်း ထွက်လို့တော့ရှိပါတယ်။ပွန်းရာနည်းနည်းလောက်ပါပဲ။ဒဏ်ရာဒဏ်ရာတွေမဟုတ်ပါဘူး။ ပါလာတာက ဘုန်းကြီးလွယ်အိတ်တစ်လုံးပါလာပါတယ်။အဲဒီအထဲမှာ ဘုရားစာအုပ်တစ်အုပ်ရယ်၊ မုတ်ဆိတ်ရိတ်တဲ့ပစ္စည်းတခုရယ်လောက်ပါပဲ။ပိုက်ဆံတွေလည်း မပါလာပါဘူး" ဟုပြောသည်။
အဆိုပါဘုန်းကြီးအလောင်းသည် ပုတ်ပွယောင်နေခြင်းမရှိသေးသည့်သဖြင့် ရက်အများမကြာသေးဘဲ တစ်ရက်ခန့်လောက်ကသာ သေဆုံးနိုင်ဖွယ်ရှိနိုင်သည်ဟုမသူသူကဆက်ပြောသည်။
အလောင်းတွေ့ရှိခဲ့သည့်ချောင်းနွယ်မင်းဂံအနီးအနားတဝိုက်တွင်လည်း ပျောက်ဆုံးနေသည့် ဘုန်းကြီးမရှိဘဲအဆိုပါအလောင်းသည် ယင်းအနီးအနားတဝိုက်မှမဟုတ်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင်အဆိုပါဘုန်းကြီးအလောင်းကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးရှိရင်ခွဲရုံတွင်ပို့ဆောင်ထားကြောင်း သိ၇သည်။
ဓာတ်ပုံ- မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း