စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင် ဒူးရင်းခြံထဲတွင် မြန်မာအလုပ်သမားနှစ်ဦး အသတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၃

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၊ မင်မြို့ ဒူးရင်းခြံတစ်ခုတွင် ခြံအလုပ်သမားမြန်မာနှစ်ဦးတို့ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက ဓားနဲ့ရက်ရက်စက်စက်ခုတ်သတ်ခံရကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထား သည်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ဒူးရင်းခြံထဲကတဲတစ်ခုအရှေ့တွင် မြန်မာအလုပ်သမား ၂ဦး သွေး အိုင်ထဲလဲနေပြီး တစ်ဦးသည် လည်ပင်းပြတ်လုနီးပါးအထိ ဓားနဲ့အလှီးခံထားရသည့် ဒဏ်ရာတွေ့ရ ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားချက်အပေါ်ကိုးကားပြီး မြန်မာအလုပ်သမားအရေး ဆောင် ရွက်ပေးနေသည့် ကိုစောမောင်က ပြောပါသည်။

‘’ ဘာကိစ္စနဲ့ ဘာရန်ငြိုးနဲ့ ခုလိုရက်ရက်စက်စက် သတ်လောက်တဲ့အထိဖြစ်ကြတာလည်းတော့ မသိဘူး ထိုင်းနိုင်ငံထဲမှာ အလုပ်လာလုပ်တဲ့မြန်မာတွေမှာလည်း အကြောင်းကိစ္စတွေအမျိုးမျိုးရှိတယ်၊ မူးယစ် ဆေးကိစ္စ၊ ငွေကြေးအရှုပ်အရှင်းကိစ္စ တခြားကိစ္စတွေလည်းရှိတယ်။’’

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၊ မင်မြို့၊ ဘန့်နာကျေးရွာ၊ ဘန့်နိုင်ငွမ့်ရွာ၊ အုပ်စု ၈ နယ်မြေက ဒူးရင်းခြံတစ်ခုတွင် ခြံအလုပ်သမားများအဖြစ် အလုပ်လုပ်နေကြသည့် အသက် ၄၈ နှစ်အရွယ် ဦးမူရိန်မောင် နှင့် အသက် ၅၈ နှစ်အရွယ် ဦးမောင်ခင် တို့ အသတ်ခံထားရခြင်းဖြစ်ကြောင်း၊ အလောင်းတွေ့ရှိသည့် နေရာမှာလည်း အရှည်တစ်မီတာခန့်ရှိသည့် ဓား ၂လက်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

ချွန်ဖော်ခရိုင် ရဲမှူးကြီးက အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးခဲ့ရာတွင် ပြစ်မှုကျူးလွန်သူမှာ ၂ဦး ဖြစ် နိုင်ကြောင်း၊ ကိစ္စတခုကို လာရောက်ညှိနှိုင်းပြောဆိုရာကနေ သေဆုံးသူ ၂ ဦးက ထိုင်လျက် အပြန် အလှန်ပြောဆိုကြရင်း ညှိနှိုင်းမှုမအောင်မြင်သဖြင့် ဓားဖြင့် လည်ပင်းကိုခုတ်ပြီးနောက် လဲကျချိန်တွင် လည်ပင်းကိုထပ်လှီးပြီး ထွက်ပြေးသွားကြောင်း သုံးသပ်ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ထိုင်းနိုင်ငံ စမွတ်ပကန်ခရိုင်၊ တမ်ဘွန်ဗန်ပူမြို့နယ် ဗန်ပူနခေါင် လမ်းတွင်နေထိုင်သည့် မြန်မာလူမျိုး အသက် ၂၃ နှစ် အရွယ် ကိုဗိုလ်မိုးဟိန်း ဆိုသူသည် ၎င်းနေထိုင်ရာ အခန်းထဲတွင် ဓားဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း သိရပါသည်။

ယခုလိုအသတ်ခံထားရသည့် မြန်မာ ၃ဦးတို့အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က တရားခံဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်နေကြောင်း ယခုအချိန်အထိ ဖမ်းမိထားပြီဆိုသည့်သတင်း မတွေ့ရသေးဘူးဟု ကိုစောမောင် က ပြောပါသည်။

Photo ; Labour Hittai

 

ဆက်စပ် သတင်းများ