သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

အဓမ္မပြုကျင့်ခံရသည့် စစ်တွေမှ မူဆလင်အမျိုးသမီး ၄ဝ ကျော်ကိစ္စ လိုပြသက်သေ ၈ ဦးကို ရဲက ခေါ်ယူစစ်ဆေးမှုပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ မတ် ၆/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆေးသမားကြီးအုပ်စုရှိ ဖွဲရာကုန်းဒုက္ခသည်စခန်း(IDP Camp)မှ မူဆလင်အမျိုးသမီး ၄၀ ကျော် အဓမ္မပြုကျင့်ခံခဲ့ရသည့်ကိစ္စတွင် တိုင်တန်းသူ ၉ ဦး၏ လိုပြသက်သေအားလုံးကို ရဲစခန်းက ခေါ်ယူစစ်ဆေးမှု ယနေ့ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုတွင် ပြုကျင့်ခံရသူများအနက် တိုင်တန်းထားသူ ၉ ဦး၏ တရားလိုပြသက်သေ ၈ ဦးကို စစ်တွေမြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေသည်မှာ ယနေ့ မတ်လ ၆ ရက်တွင် ၈ ဦးစလုံးကို စစ်ဆေးပြီးသွားပြီဟု ယင်းအမှုကို လိုက်ပါကူညီပေးနေသည့် ရခိုင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေးက နိရဥ္စရာသို့ပြောသည်။

"မူဆလင်အမျိုးသမီးတွေကိစ္စကတော့ သက်သေတွေအားလုံးကို စစ်ပြီးပြီ။ ဒီနေ့တစ်ယောက် စစ်ပြီးရင်ပြီးပြီ။ အခုက တရားလိုပြသက်သေတွေကို စစ်နေတာ။ သက်သေအရပေါ်လို့ ဥပဒေအကြံပြုလျှောက်ထားတာက အမှုတွဲကျလာရင် တရားရုံးတက်ရမယ်" ဟုပြောသည်။

တိုင်တန်းထားသည့်မူဆလင်အမျိုးသမီး ၉ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က စစ်တွေခရိုင်ရဲတပ်ဖွဲ့ကခေါ်ယူပြီး ဆေးစစ်ဆေးချက်များ ရယူခဲ့ပြီးနောက် သူတို့၏ လိုပြသက်သေများကို ယခုကဲ့သို့ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွဲရာကုန်း IDP Camp မှ စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်အထိ စခန်းအတွင်းမှ လင်ရှိ၊ သားသမီးရှိ အမျိုးသမီးများ၊ စိတ်ရောဂါသည် အမျိုးသမီးများ ၊ အသက်မပြည့်သေးသည့် အမျိူးသမီးငယ်များ၊ စသည့် အမျိုးသမီး (၄၅) ဦးကို တုတ်၊ ဓားပြ ခြိမ်းခြောက်မှုများပြုလုပ်ကာ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင်များက ရဲစခန်းတွင် တိုင်ကြား အမှုဖွင့်ထားခဲ့သည်။

ယင်းအနက် ၉ ဦးမှာ အမျိုးသမီးများ အပေါ်အလိုမတူဘဲ အဓမ္မပြုကျင့်ပြီး ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့သည့် ဦးအုစ်ဖာန်ဂေါ်နီကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် စစ်တွေမြို့ မရဲစခန်းတွင် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်တွင် တိုင်တန်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ဖွဲရာကုန်းဒုက္ခသည်စခန်းမှ မူဆလင်အမျိုးသမီး ၄၀ ကျော်အား အဓမ္မပြုကျင့်သည့် စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီအား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။


အဆိုပါ ဖွဲရာကုန်းစခန်းတွင် စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီ၏ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် ၄၅ ဦးထက်မနည်း ရှိနေသေးပြီး  ဦးအုစ်ဖာန်ဂေါ်နီနှင့် ၎င်း၏အစ်ကိုဖြစ်သူ ဦးမောင်မောင်သန်းအပေါင်းအပါတို့ကို ကြောက်လန့်ရသဖြင့် ထုတ်ဖော်ပြောဆိုကြခြင်းမရှိကြောင်း ပြုကျင့်ခံရသူများက ပြောသည်။

အဆိုပါ စခန်းတာဝန်ခံ၏ အဓမ္မပြုကျင့်ခံရသည့်အမျိုးသမီးများသည် ၎င်းတို့ကို အဓမ္မပြုကျင့်ခဲ့သည့် စခန်းတာဝန်ခံနှင့်အပေါင်းအပါများကို တရားဥပဒေအတိုင်း အမှန်ပေါ်ပေါက်စေချင်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်စေလိုကြောင်း  အသက်မပြည့်သေးဘဲ အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ် တစ်ဦးကလည်း မီဒီယာများသို့ ဖြေဆိုထားသည်။

ထိုကဲ့သို့ ဖြစ်ရပ်များသည် ရခိုင်ရှိ အခြား IDP စခန်းများတွင်လည်း ဖြစ်ရပ်တူများရှိနေသေးပြီး အကြောင်းအမျိုးမျိုးကြောင့် ထုတ်ဖော် မပြောရဲကြသည့် မူဆလင်အမျိုးသမီးစွာလည်း ရှိနေသေးသည်ဟု ပြုကျင့်ခံရသူများက ပြောသည်။

ယင်းကြောင့် ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရအောင် ဤအမှုကို အမှန်တရား ပေါ်ပေါက်လာစေရန် သေချာစိစစ်ပြီး အမြန်အရေးယူမှု လုပ်ဆောင်သင့်သည်ဟု ၎င်းတို့က ပြောသည်။

ယခုကဲ့သို့တိုင်တန်းမှုများပြုလုပ်ပြီးသည့်နောက်တွင် မူဆလင်အမျိုးသမီးများအား ခြိမ်းခြောက်မှုများ မပြုလုပ်ရလေအောင် စောင့်ရှောက်မှုများလုပ်ဆောင်ပေးထားရကြောင်းလည်း လိုက်ပါ ကူညီပေးနေသည့် ရခိုင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ