တနင်္လာ၊ ဧပြီလ ၂၂ရက်၊ ၂၀၂၄

စစ်တွေ မင်းဂံရပ်ကွက်တွင် ရိုက်နှက်ဒဏ်ရာများနှင့် သတိမေ့နေသော ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 881

နိရဉ္စရာ၊ မတ် ၁၆ / ၂၀၂၃


ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃)ရှိ ရထားသံလမ်းအနီးတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများနှင့် သတိမေ့လျော့နေသော ၁၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ယနေ့နံနက်က တွေ့ရှိခဲ့ကြကြောင်း သိရသည်။

၎င်းအမျိုးသမီးငယ်၏ မျက်နှာမှာ ဖူးရောင်နေပြီး ဦးခေါင်းတွင် သွေးများထွက်ကာ ခန္ဓာကိုယ်ပေါ်တွင် အဝတ်ဗလာဖြင့် ယနေ့ မတ်လ ၁၆ ရက်၊ နံနက်က ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မင်းဂံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အတည်ပြုပြောသည်။

စတွေ့တုန်းက အဝတ်ဗလာနဲ့လို့ ပြောတယ်။ ကျနော်ရောက်သွားတဲ့ အချိန်မှာတော့ ထဘီတစ်ထည်ခြုံထားတယ်။ မျက်နှာတွေလည်း ဖူးရောင်နေတယ်။ လည်ပင်းညှစ်ပြီးတော့ သတ်တာလား။ ဦးခေါင်းကို ထုသတ်တာလား မပြောတတ်ဘူးဟုပြောသည်။

အဆိုပါမိန်းကလေးငယ်သည် အဓမ္မပြုကျင့်ခံရခြင်းရှိ/မရှိဆိုသည်ကို လောလောဆယ် မသိနိုင်သေးကြောင်းလည်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည့် မင်းဂံနယ်မြေရဲစခန်းမှ တာဝန်ရှိသူတို့ကို နိရဉ္စရာက ဆက်သွယ်ခဲ့ရာ တစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

အဆိုပါအမျိုးသမီးငယ်မှာ မင်းဂံအကွက် (၁၅)မှဖြစ်သည်ဟု သတင်းထွက်ရှိနေပြီး လက်ရှိအချိန်တွင် ရွှေရောင်မေတ္တာအသင်းက စစ်တွေဆေးရုံသို့ ယူဆောင်သွားကြပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရဖွဲ့ရုံးအနီး Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွင် အရောင်ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည့် မနွယ်သန္တာဝင်းမှာလည်း ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မုန့်လက်ကောက်ရောင်းနေသည့် အမျိုးသမီးငယ်တစ်ဦးသည် စစ်တွေမြို့၊ မင်းဘာကြီးလမ်းတွင် ဆောက်လက်စအဆောက်အအုံတစ်ခု၌ ရက်စက်စွာ အသတ်ခံခဲ့ရသည်။ (NN- 21)

 

Photo - Ven Sakkingda Webisawardi

ဆက်စပ် သတင်းများ