သောကြာ၊ ဇွန်လ ၁၄ရက်၊ ၂၀၂၄

ပေါက်တောမြို့တွင် ဖောက်ထွင်းခိုးယူမှုများ မကြာခဏဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ယခုနှစ်အတွင်း ဖောက်ထွင်းခိုးယူမှုများ မကြာခဏဖြစ်ပေါ် နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် ပေါက်တောမြို့၊ ရပ်ကွက် (၂)ရှိ အမိအပြုံးအထည်ဆိုင်၊ ငွေလွှဲ ငွေထုတ်လုပ်ငန်းမှ ငွေကျပ် သိန်း ၁၅၀ ကျော်ခန့် ဖောက်ထွင်းခံလိုက်ရကြောင်း ဖောက်ထွင်းခံရသည့် နေအိမ်မှ အိမ်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

“ည ဘယ်ချိန်ဝင်သွားတာလဲ မသိလိုက်ပါဘူး။ မိုးလင်းမှ ပိုက်ဆံထည့်ထားတဲ့ သေတ္တာကို သော့နဲ့ ဖွင့်ပြီး ယူသွားတာတွေ့ရတာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက် နေအိမ်တစ်အိမ်မှ ဖုန်းနှင့် ငွေများ ဖောက်ထွင်းခိုးယူခံရမှုများရှိခဲ့သည်ဟု ဖောက်ထွင်းခံလိုက်ရသည့်အိမ်ပိုင်ရှင်က ပြောသည်။

''အခန်းမှာရှိတဲ့ စာရွက်စာတမ်းတွေ၊ ငွေ၊ အိုးခွက်တွေကအစ အကုန်ပါသွားတယ်။ အိမ်မှာ လူမရှိတဲ့အချိန် ခိုးသွားတာ'' ဟု ဆိုသည်။

ယခုကဲ့သို့ မကြာခဏ ဖောက်ထွင်းမှုများရှိနေသည့်အပေါ် စိုးရိမ်မှုရှိနေသည်ဟု ပေါက်တောဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

''အသိတွေမှာလည်း ခဏခဏ ဆိုင်ကယ်အခိုးခံရ၊ မဟုတ်ရင် ဖုန်း၊ ငွေ အဲ့လို ခဏခဏ ကြားနေရတယ်။ ဒါက မြို့ပေါ်နေ လူထုအတွက် စိုးရိမ်တာပေါ့'' ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် မေလ ပထမပတ်ခန့်ကလည်း ပေါက်တောဆေးရုံမှ သူနာပြုတစ်ဦး၏ အခန်းသည်လည်း ဖောက်ထွင်းခံခဲ့ရသလို ဆေးရုံရှိ သူနာပြုများ၏ ဖုန်းများလည်း မကြာခဏ အခိုးခံရမှုများရှိနေကြောင်း သိရသည်။

အခိုးခံရသူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုင်ကြားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာမရှိကြောင်း အခိုးခံရသည့် သူနာပြုတစ်ဦးက ပြောသည်။  

''ပေါက်တောမြို့မရဲစခန်းသွားတိုင်တာက တခုမှ မထူးပါဘူး။ ရဲတွေက တခါတလေ လာကြည့်တယ်။ ဆောင်ရွက်ပေးမယ် ဘာညာပြောတယ်။ ပြီးရင် သူတို့ အလုပ်က ပြီးပြီ။ ဘာမှ မထူးခြားဘူး။ သေချာ စုံစမ်းပေးတာလည်း မရှိပါဘူး'' ဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့မ ရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရှိခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်တွင် ကုန်စျေးနှုန်းများ မြင့်တက်လာပြီး ရခိုင်မြို့နယ် အများအပြားတွင် ယခုကဲ့သို့ ခိုးယူဖောက်ထွင်းမှုများ ပိုမိုများလာနေကြောင်း ဒေသခံများက ပြောကြသည်။ (NN-18)

ဆက်စပ် သတင်းများ