စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်တွေမြို့လယ်ခေါင်တွင် ပီနံအိတ်ဖြင့်ထုပ်ထားသည့် လူငယ်အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 525

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့လယ်ခေါင်တစ်နေရာတွင် ပီနံအိတ်ဖြင့်ထုပ်ပိုးကာ စွန့်ပစ်ထားသည့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိမည့် လူငယ်အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။

၎င်းအလောင်းကို စစ်တွေမြို့၊ ရူပမြောက် ရပ်ကွက်ရှိ ချောင်းအတွင်း ယနေ့ သြဂုတ်လ ၈ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းအား သွားရောက် သယ်ဆောင်ခဲ့သည့် မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“လူသတ်တဲ့သံသယတော့ ရှိပါတယ်။ ပီနံအိတ်နဲ့ထုပ်ပြီး လွှင့်ပစ်ထားတယ်ဆိုရင်တော့ လူသတ်ထားတာပေါ့လေ”ဟု ပြောသည်။

အဆိုပါအလောင်းအား စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံတွင်စစ်ဆေးချက်အရ အလောင်း၏ မျက်နှာတစ်ခုလုံး ပုပ်ပွ ပျက်စီးကာ မည်သူမည်ဝါဆိုသည်ကို မှတ်မရသည့်အနေအထားဖြစ်နေပြီး နောက်ထပ် ပြင်ပဒဏ်ရာတစ်စုံတရာမတွေ့ရဟု ဆိုသည်။



"ပြင်ပဒဏ်ရာတွေတော့ မတွေ့ရဘူး။ အတွင်းဒဏ်ရာတွေရှိ/မရှိတော့ မှုခင်းဆရာဝန်တွေပဲ ပြောနိုင်မှာပါ"ဟု ပြောသည်။

အဆိုပါအလောင်းသည် သေဆုံးနေသည်မှာ ၂ ရက်ခန့်ရှိပြီဟု ခန့်မှန်းရသည်ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီကျော်ကလည်း စစ်တွေမြို့လယ်ခေါင်ဖြစ်သည့် ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီအားကစားကွင်းနောက်ဘက် ချောင်းထဲတွင် အသက် ၄ဝ အရွယ် အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့သည်ဟု အလောင်းအားသွားရောက်သယ်ဆောင်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။

စစ်တွေတွင် ယခုကဲ့သို့ အသတ်ခံထားရသည့် အမည်မသိအလောင်းများကို မကြာခဏတွေ့ရှိလာနေရသည့်အတွက် မြို့ခံများအကြား စိုးရိမ်မှုရှိနေကြသည်ဟု သိရသည်။ (NN-16)

ဓာတ်ပုံ - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ