စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို အက်ဆစ်နှင့်ပက်ပြီး ကိုယ်တိုင် အက်ဆစ်သောက်သူအမျိုးသား သေဆုံးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 828

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို အလိုမတူဘဲအကြမ်းဖက်ဆွဲခေါ်ရန်ကြိုးစားပြီး မျက်နှာကို အက်ဆစ်နှင့်ပက်ခဲ့သူအမျိုးသားမှာ အက်ဆစ်သောက်၍ သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကံပိုင်ရပ်ကွက်၊ ဆေးရိုးတန်းလမ်းတွင်နေထိုင်သည့် ရွှေမဟာဆောက်လုပ်ရေးကုမ္ပဏီလုပ်သား ဦးသက်ဦး(၄၅)နှစ်ဖြစ်သည်။

၄င်းသည် ဩဂုတ်လ ၂၇ ရက်ညက ကံပိုင်ရပ်ကွက်၊ နိုးကြားရေးလမ်း Top Star အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီး မ...(၃၈)နှစ်အား အလိုမတူဘဲ အတင်းကားတင်ပြေးရန်ကြိုးစားပြီး မျက်နှာကိုအက်ဆစ်ရည်နှင့် ပက်ခဲ့သူဖြစ်သည်။

အဆိုပါဖြစ်စဉ်အတွင်း ဦးသက်ဦးကိုဖမ်းမိသည့်အချိန်တွင် အက်ဆစ်ရည်သောက်ထားသည့်အတွက် ဆေးရုံတင်ထားခဲ့ရာမှ ဩဂုတ်လ ၂၉ ရက်တွင် ဆေးရုံ၌ သေဆုံးသွားကြောင်း တောင်ကုတ်မြို့ခံများက ပြောသည်။

ဦးသက်ဦးသည် နစ်နာသူမိသားစု၏တိုင်တန်းချက်ဖြင့် တောင်ကုတ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ  ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်ခံထားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်  သေဆုံးသွားခြင်းလည်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူး စန်းညွန့်ကို ယနေ့ သြဂုတ်လ ၃ဝ ရက်၊ နံနက် ၁၁ နာရီကျော်တွင်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ

သေဆုံးသွားသူ ဦးသက်ဦးသည် ဩဂုတ်လ ၂၇ ရက်၊ ည ၈ နာရီခွဲခန့်က အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို အလိုမတူဘဲအတင်းဆွဲခေါ်ရာ အမျိုးသမီးက ငြင်းဆန်အော်ဟစ်အကူညီတောင်းသဖြင့် ဦးသက်ဦးတွင်အသင့်ပါလာသည့် ဘေးလွယ်အိတ်ထဲမှ အက်ဆစ်ရည်ပုလင်းဖြင့် သူမ၏မျက်နှာကိုပက်ခဲ့ကြောင်း အလှပြင်ဆိုင်မှ အမျိုးသမီးငယ်များက ပြောသည်။

ထိုသို့ အက်ဆစ်ရည်နှင့်ပက်ခဲ့ခြင်းကြောင့် မ....တွင် မျက်နှာနှင့်ကျောကုန်းတို့၌ လောင်ကျွမ်းဒဏ်ရာများရရှိခဲ့ပြီး တောင်ကုတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

အလားတူ အကြမ်းဖက်ဆွဲခေါ်နေစဉ် ဝင်ရောက်ဟန့်တားခဲ့သည့် မယုယုနိုင်(၁၉)နှစ်ဆိုသူမှာလည်း ဝဲဘက်လက်ဖျံ၊ပေါင်နှစ်ဘက်စလုံးနှင့် ယာဘက်လက်ဖမိုးတို့တွင် အက်ဆစ်လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဦးသက်ဦးသည် ယခင်ကပင် အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးကို ချစ်ကြိုက်ရည်ငံသည်ဆိုသောအကြောင်းပြချက်ဖြင့် တစ်ဘက်မှအလိုမတူဘဲ အပြင်သွားလာချိန်များတွင် လိုက်နှောင့်ယှက်လေ့ရှိကြောင်း နစ်နာသူမိသားစုဝင်များကပြောသည်။ (NN-23)

ဆက်စပ် သတင်းများ