တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ၉ လအတွင်း စိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားသူ ၁၈ ဦးနှင့် ဆေးပြား (၁၂) သိန်းကျော်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ယခုနှစ် ဇန်နဝါရီလ (၁၀) ရက်မှ စက်တင်ဘာလ ဒုတိယအပတ်အထိ ၉ လတာအတွင်း ရခိုင်ပြည်တွင် စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားသူ ၁၈ ဦးနှင့် အတူ စိတ်ကြွဆေးပြား ၁၂၆၃၆၃၇ ကျော်အပါအဝင် အိုင်းစ် (ICE) (၃၀၀) နှင့် စိတ်ကြွ ဆေးမှုန့်တချို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။ 

ပြည်နယ်ကောင်စီ ထုတ်ပြန်သည့် စာရင်းများအရ  မောင်တောမြို့နယ်တွင် ၁၀ ကြိမ် ဖမ်းမိသည့် အတွက် အများဆုံးဖမ်းဆီးရမိသည့် မြို့နယ်ဖြစ်သည်။

နောက်ထပ် ဖမ်းဆီးရမိသည့် မြို့နယ်များမှာ  စစ်တွေ မြို့နယ်တွင် ၂ ကြိမ်၊ ဘူးသီးတောင်မြို့နယ်တွင် ၁ ကြိမ်နှင့် သံတွဲမြို့နယ်တွင် ၃ ကြိမ်တို့ ဖြစ်ကြောင်း သိရှိရ သည်။

ဖမ်းဆီးမိသူများထဲတွင် မောင်တောမြို့နယ် သရီကုန်ဘောင်ရွာနေ မဝင်းရွှေ (၂၈)နှစ်နှင့် မမိုးမိုး (၂၅)နှစ်၊ စစ်တွေမြို့နယ် သက္ကေ ပြင်ရွာနေ မဖာတေမာအပါအဝင် အမျိုးသမီး ၄ ဦးဖြစ်ပြီး  ကျန်သူများမှာ အမျိုးသား ၁၄ ဦးတို့ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများမှာ ဆေးပြားများကို ပို့ဆောင်စဉ်အတွင်းဖမ်းဆီးခံရသူနှင့် တစ်ဆင့်ခံရောင်းချသူများ ဖြစ်ကြောင်း စစ်ဆေးချက်များအရ သိရှိရသည်။

ဖမ်းဆီးခံရသည့် ဆေးပြား ၁၂ သိန်းကျော်တွင် ဖေ​ဖော်ဝါရီ ၁၁ ရက်နေ့က မောင်တောမြို့နယ် ငန်းချောင်းရွာနေ နူရ်ဘော်ချောနေအိမ်မှ စိတ်ကြွဆေးပြား ၄၇၇၇၅၀ ပြား၊ ငန်းချောင်းရွာ ဘောလုံးကွင်း အနောက်ဘက် ချောင်းစပ်တွင် ဆာလာအိပ် ၂ လုံးဖြင့် ထုတ်ထားသည့် ဆေးပြား ၂၇၃၀၀၀ တို့ကို  ဖမ်းဆီးရမိသည့် အတွက် တရက်အတွင်း စုစုပေါင်းဆေးပြား ၇၅၀၇၅၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးမှုမှာ တရက်အတွင်း အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁ ဒဿမ ၅၀၁ ဘီလီယံဖိုး ရှိကြောင်း ပြည်နယ်ကောင်စီ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်တွင် စိတ်ကြွဆေးပြားများကို ထုတ်လုပ်မှုမရှိသော်လည်း မူးယစ်ဆေးဝါးများကို ဘင်္ဂလာဒေ့ချ်နိုင်ငံဘက်ကို တင်ပို့ရန် ရခိုင်ပြည်ကို လမ်းကြောင်းအဖြစ်  ဆေးပြားတင်ပို့သူများက အသုံးပြုနေသည့်အတွက် ရခိုင်ပြည်တွင် စိတ်ကြွဆေးပြားများကို အလွယ်တကူဝယ်ယူရရှိနေပြီး မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များလည်း မြင့်တက်လာနေကြောင်း လေ့လာသူများက ပြောဆိုကြသည်။

၅-၄-၂၀၂၂ ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံ စစ်ဆေးရေး ဂိတ်တွင် ရန်ကုန်ကနေ မြောက်ဦးမြို့ သို့ မောင်းနှင်လာသည့် ၆ ဘီးကားတစ်စီးမှ စိတ်ကြွဆေးပြား ၁၅ သန်းဖမ်းဆီးရမိပြီး စစ်ဆေး ချက်များအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန်အိမ်ရာဝင်းအတွင်းမှာ ဆေးပြား နောက်ထပ် ၁၀ သန်း ကို ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၎င်းဖမ်းဆီးရမှုမှာ စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်အတွင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ဆောင်ရွက်ချက် ထူးခြားဖြစ်စဉ်တွင် ဖော်ပြထားသည်။


(NN-14)

ဆက်စပ် သတင်းများ