စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြောက်ဦးတွင် ဖခင်ဖြစ်သူက ဓားဖြင့်ခုတ်၍ သားဖြစ်သူသေဆုံးပြီးနောက် ဖခင်ပါ စိတ်ထိခိုက်၍ သေဆုံးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လောင်းကြက်တောင်မော်ကျေးရွာတွင် ဖခင်ဖြစ်သူက ဓားဖြင့် ခုတ်၍ သားဖြစ်သူသေဆုံးပြီးနောက် ဖခင်ပါ စိတ်ထိခိုက်ကာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ လောင်းကြက်တောင်မော်ကျေးရွာမှ ဦးအောင်မင်းစိန်(၆ဝ)နှစ်နှင့် သားဖြစ်သူ ကိုအောင်မင်းထွန်း (၂၅)နှစ်တို့ဖြစ်သည်။

ဦးအောင်မင်းစိန်က ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်၊ ည ၁၁ နာရီခန့်တွင် သားဖြစ်သူ ကိုအောင်မင်းထွန်းအား ပြောဆိုဆုံးမ၍မရသည့်အတွက် စိတ်လွတ်ကာ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

"သားကဆိုးလွန်းလို့ အဖေက ပြောရင်း စကားများပြီး စိတ်လွတ်သွားတယ် ထင်ပါတယ်" ဟု ပြောသည်။

သားဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားပြီးနောက် အလောင်းကို ဖခင်ကိုယ်ကိုင် မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ထံ သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဦးအောင်မင်းစိန်သည် နှလုံးရောဂါအခံရှိပြီး ဆေးဝါးမှီဝဲနေရသူဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးမကောင်းသူဖြစ်၍ အချုပ်ထဲတွင် ကောင်းကောင်းမွန်မွန်ထားသော်လည်း ယနေ့ အောက်တိုဘာ၂၅ ရက်၊ နံနက်အရုဏ်တွင် ရင်ဘတ်အောင့်သည်ဟုပြောကာ မကြာမီမှာပင် သေဆုံးသွားကြောင်း သိရသည်။

သားဖြစ်သူ၏အလောင်းကို မြောင်းဘွေသုသာန်တွင် ယနေ့ သင်္ဂြိုဟ်ခဲ့ပြီး ဖခင်ဖြစ်သူ အလောင်းကိုလည်း လောင်းကြက်တောင်မော်ကျေးရွာတွင် နေ့လယ် ၃ နာရီခွဲခန့်က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုအောင်မင်းထွန်းသည် အရက်သေစာသောက်စားပြီး ဆိုးသွမ်းသူတစ်ဦးဖြစ်ကာ အိမ်တွင်လည်း ပြဿနာရှာတတ်သူဖြစ်ကြောင်း သိရသည်။

သူသည် သောက်စားမူးယစ်မှုကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) နယ်မြေရုံးတွင် ၂ ကြိမ်တိုင် အပြစ်ပေးခံခဲ့ရဖူးသူဖြစ်ကြောင်းလည်း ရွာသားများက ပြောသည်။ (NN-7)

(ဓာတ်ပုံ-ပေးပို့)

ဆက်စပ် သတင်းများ