တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

စစ်တွေတွင် ပျောက်နေသည့်သားမိနှစ်ဦးအနက် မိခင်ဖြစ်သူကို သေဆုံးလျက်တွေ့ရှိ၊ ၄ နှစ်အရွယ် သမီးဖြစ်သူ ပျောက်ဆုံးနေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ပျောက်ဆုံးနေသည့် သားမိနှစ်ဦးတွင် မိခင်ဖြစ်သူကို ရေထဲတွင် သေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။

သေဆုံးသွားသည့်မိခင်မှာ အသက် ၂၆ အရွယ် ဒေါ်ခင်သန်းဦးဖြစ်ပြီး ပျောက်ဆုံးနေသေးသည့်သမီးမှာ ၄ နှစ်အရွယ် မနွယ်နီလင်းဖြစ်သည်။

သူမတို့သားမိနှစ်ဦးသည် အောင်တိုင်ကျေးရွာတွင် အောက်တိုဘာ ၂၈ ရက်၊ နံနက် ၅ နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် မျက်နှာတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် မိခင်ဖြစ်သူ၏အလောင်းကို ယင်းနေ့ နေ့လယ် ၂ နာရီခွဲခန့်၌ အောင်တိုင်းချောင်းဝအနီး ရေထဲတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အောင်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"သူ့ယောက်ျားက ကဏန်းမြှုံးထောင်သွားပြီးပြန်လာရော မိန်းမရော၊ ကလေးရော မရှိတော့ဘူး။ မနက်ကနေ လာတိုင်ထားကြတာ။ ခုဒီနေ့ပဲ တွေ့တယ် မိခင်အလောင်းကို ။ ကလေးကိုတော့ ရှာနေကြတယ်။ ဒီလိုဒဏ်ရာတွေနဲ့မြင်ရတာ စိတ်မကောင်းဘူး"ဟု ပြောသည်။

မိခင်နှင့်အတူပါသွားသည့် သမီးဖြစ်သူမှာ ယင်းနေ့ ညနေပိုင်းအထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေနေကြဆဲဟု သိရသည်။

လက်ရှိတွင် သေဆုံးသူမိခင်၏ရုပ်အလောင်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားပြီး ဆေးစစ်ဆေးချက်ရမှသာ မည်သို့သေဆုံးကြောင်းသိရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာကို ပြောသည်။

"အလောင်းကို မိသားစုတွေ ဆေးရုံပို့ထားတယ်။ ဒဏ်ရာတွေနဲ့ဆိုတော့ ဘာကြောင့် သေဆုံးတာကို ကျနော်တို့မသိသေးဘူး။ ဆေးရုံက ဆေးစစ်ဆေးချက်အဖြေထွက်လာမှသိမယ်" ဟုပြောသည်။ (NN-11)

ဓာတ်ပုံ - လူမှုကွန်ရက်

 

 

ဆက်စပ် သတင်းများ